ထားဝယ်မှာ စက်သုံးဆီတင်သင်္ဘော မီးလောင်မှု သေဆုံးသူ ရှစ်ဦးအထိရှိလာ

ထားဝယ်မြို့ ကမ်းနားလမ်း ကြက်စားပြင် ရပ်ကွက်မှာ စက်သုံးဆီတင်သင်္ဘော မီးလောင်မှုအတွင်း လူခုနစ်ဦးသေဆုံးသွားပါတယ်။

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ဆီတင်သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့သည်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ Myanmar Fire Services Department Photo

[Update:5:15 AM, Oct 15, 2024]

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကမ်းနားလမ်း ကြက်စားပြင် ရပ်ကွက်မှာ စက်သုံးဆီတင်သင်္ဘော မီးလောင်မှုအတွင်း သေဆုံးသူ ရှစ်ဦးအထိရှိတယ်လို့ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၄ ရက် ညနေ လေးနာရီခွဲ အချိန်က စက်သုံးဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲမှုဟာ အောက်တိုဘာလ ၁၅ ရက် ဒီနေ့မနက် ရှစ်နာရီခွဲအချိန်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအထဲ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ပါဝင်ပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးက ဆေးကုမှုခံယူနေတယ်လို့ဆိုပါတယ်။ နောက်ထပ် အမျိုးသားတစ်ဦးက ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး လတ်တလောအခြေအနေ မသိရသေးလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်မြို့ခံ တစ်ဦးကတော့ မီးလောင်မှုမှာ အသက်နှစ်ဆယ်အရွယ် သူ့ရဲ့ မိတ်ဆွေတစ်ဦးလည်း မီးလောင်သေဆုံးသွားတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော့် သူငယ်ချင်းလည်း သေသွားတယ်။ သူက အဲဒီဆိပ်ကမ်းမှာ ဆီဖြည့်တဲ့အလုပ်လုပ်တာ။ မီးလောင်အားက တော်တော်ပြင်းတယ်။ မီးလောင်ချိန်လည်း ကြာတယ်”

ထားဝယ်မြို့က လူမှုကူညီရေးအဖွဲ့တွေကတော့ အဲဒီမီးလောင်မှုဟာ အချိန် ၁၆ နာရီအထိကြာခဲ့ပြီး တစ်ညလုံး မီးလောင်းကျွမ်းမှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

အဲဒီဆိပ်ကမ်းဟာ စက်သုံးဆီသိုလှောင်ပြီး ထားဝယ်ခရိုင်တစ်ခုလုံးကို ဖြန့်ဖြူးတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ကတော့ အသေးစိတ် မသိရသေးတဲ့အကြောင်း RFA ကို ပြောပါတယ်။

မှတ်ချက်-ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် သေဆုံးသူအရေအတွက်ကို ထပ်မံဖြည့်စွက်ရေးသားထားသည်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org