ထားဝယ်မှာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးရ

ထားဝယ်မြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာ ၁၁ ရွာက အရပ်သား နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ်။ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၂၅ ရက်အထိ ကျေးရွာ ၁၁ ရွာက အရပ်သား နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့နဲ့ ထီးခီးမြို့ကြားက ပခပ်၊ သင်္ကန်းတုန်း၊ လိပ်ကြယ်ပြောင်၊ ဘဝပင်၊ ဝကုန်း၊ သရက်ငုတ်၊ ရမ္မဇူ၊ ဟိန္ဒား၊ ကျောက်မဲတောင်၊ မေတ္တာနဲ့ ပကာရီ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

စစ်ကောင်စီတပ်နဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) ပူးပေါင်းတပ်တွေကြား ဖေဖော်ဝါရီလ ၁၇ ရက်ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတာကြောင့် လက်ရှိအချိန်အထိ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ထားဝယ်-ထီးခီးလမ်းမဆို နေ့တိုင်းလိုလိုကို တိုက်ပွဲကရှိနေတာ။ စစ်တပ်ဘက်ကလည်း မထင်ရင် မထင်သလို ရွာကို ဝင်မွှေပြီးရင် ဒေသခံတွေကို ရာဘာတောတွေထဲအထိ ဝင်ရှာဖမ်းတာဆိုတော့ ဘယ်သူမှမနေရဘူး။ ဒီကြားထဲ မမြင်ရတဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းရန်တွေလည်း စိုးရိမ်ရနေရပါတယ်”

ဒေသခံတွေဟာ ထားဝယ်မြို့ပေါ်မှာ ပြောင်းရွှေ့ခိုလှုံနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းရဲ့ ပြောရေးခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူ နှစ် ဒသမ ခုနစ်သန်းနီးပါး ရှိလာပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org