လာမယ့်နှစ်အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်းမယ် လု့ိ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က လက်ပန်းတောင်းတောင် အရေးအခင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ နိုင်ငံခြားပို့ပြီး ကုသရေးအတွက် ဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့က ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လေ့လာနေစဉ် Photo: NLD Facebook

RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က  ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မူလတန်းကျောင်းသား အသက် ၆ နှစ်နဲ့ ရ နှစ် အရွယ် ကလေးငယ် ၂ဝ သတ်ဖြတ်ခံခဲ့ရမှုအတွက် သဘောထားမေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မိမိ အင်မတန် ဝမ်းနည်းရကြောင်းနဲ့ ဒီကိစ္စအတွက် သဝဏ်လွှာတစ်စောင် ပေးပို့ဖို့စီစဉ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

မကြာခင် ကုန်ဆုံးတော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာပြည်မှာ တိုးတက်မှုတွေ  ဘယ်လောက်ရှိခဲ့တယ် ထင်ပါသလဲလို့ RFA က မေးမြန်းခဲ့ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် က

ပြည်သူရဲ့ တိုးတက်မှုအရ တိုင်းရမယ်ဆိုရင်တော့ တိုးတက်မှုကတော့ ဒီနှစ်မှာ ဒီလောက်အထိ မများသေးပါဘူး၊ ပြည်သူတွေရဲ့ဘဝတွေ သိသိသာသာပြောင်းလဲခဲ့တဲ့နှစ်လို့ ပြောလို့မရသေးပါဘူး၊ ဒါပေမယ့် ပြောင်းလဲနိုင်မယ့် အခွင့်အရေးတွေ မြင်လာရပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် က လာမယ့် ၂ဝ၁၃ ခုနှစ်အတွင်း မြန်မာလူထုရဲ့ဘဝ တိုးတက်မှုတွေ ထင်သာမြင်သာရှိလာအောင် ဆောင်ရွက်ကြိုးပမ်းလိုပါတယ်လို့လည်း RFA ကိုပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org