လွတ်လပ်ရေးနဲ့ ကိုက်ညီတဲ့စနစ် ထူထောင်နိုင်ရေး ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ စနစ်တစ်ခုကို ထူထောင်နိုင်ဖို့ ပြည်သူတွေနဲ့အတူ တပ်မတော်က ပူးပေါင်းပါဝင်လာဖို့ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။
-
2014-01-04 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ စနစ်တစ်ခုကို ထူထောင်နိုင်ဖို့ ပြည်သူတွေနဲ့အတူ တပ်မတော်က ပူးပေါင်းပါဝင်လာဖို့ ယုံကြည်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ လွတ်လပ်ရေးနေ့ အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
ဒီနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာပါ။
“လွတ်လပ်ရေးရဖို့အတွက် တပ်မတော်နဲ့ ပြည်သူ အတူတူပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တာပါ၊ ဒီလွတ်လပ်ရေး တကယ်တည်တံ့ခိုင်မြဲပြီးတော့ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံနဲ့ ထိုက်တန်တဲ့စန စ်တစ်ခု ထူထောင်ဖို့အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်ဟာ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်နိုင်မယ်လို့ ကျမမျှော်လင့်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်၊ ဒါပေမယ့် နိုင်ငံကို မြန်မြန်တိုးတက်စေချင်ရင်တော့ မြန်မြန်လုပ်ပါလို့၊ တချို့ကိစ္စတွေ က အချိန်ဆွဲသင့်တဲ့ကိစ္စတွေ မဟုတ်ပါဘူး၊ မြန်မြန်လုပ်မှ မြန်မြန်ပြီးမှ ကျမတို့ရဲ့ နိုင်ငံအခြေ အနေကောင်းမှာ ဖြစ်ပါတယ်၊ ကျမတို့ပြည်သူလူထုကလည်း ဒီကိစ္စမှာ အဓိကပါဝင်ဖို့လိုအပ်တယ်၊ ဘာပဲလုပ်လုပ် အောင်မြင်ဖို့ဆိုတာဟာ ပြည်သူလုထုရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်”
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို အရယူပေးခဲ့ကြတဲ့ ခေါင်းဆောင်တွေဟာ လွတ်လပ်ရေး အရသာကို မခံစားခဲ့ကြရသလို လက်ရှိမှာလည်း လွတ်လပ်ရေးရဲ့ အရသာကို မခံစားကြရသေးကြောင်း နောင်လာနောက် သားတွေအတွက် ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချပေးခဲ့ချင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအအနားကို နိုင်ငံတကာသံရုံးက သံတမန်အရာရှိတွေ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီအတောအတွင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း နိုင်ငံရေး အင်အားစုအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်မှသာ လွတ်လပ်ရေးရဲ့ အရသာကို တိုင်းရင်းသားအားလုံး ခံစားနိုင်မယ်လို့ ဖော်ပြထားတဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဒီကနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေနွေးပွဲတွေကို ဆက်လက်ကျင်းပနိုင်ဖို့နဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ပြဿနာတွေကို နိုင်ငံရေး အင်အားစုအားလုံး တွေ့ဆုံဆွေးနွေးမှုနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း အဲ့ဒီသဝဏ်လွှာမှာ ပါရှိပါတယ်။
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဒီကနေ့ မနက် ၄ နာရီမိနစ် ၂၀ နေပြည်တော်မှာ ကျင်းပရာမှာ ဒုတိယသမ္မတ စိုင်းမောက်ခမ်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကိုပေးပို့တဲ့ သဝဏ်လွှာကို တက်ရောက်ဖတ်ကြားခဲ့ပါတယ်။
အခုအချိန်ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့ကာလဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့ပါတယ်။
အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီး၊ ဟိုပင်စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုုပ်ရုံးတွေမှာ ကျင်းပခဲ့သလို မြစ်ကြီးနားမြို့ ကချင်ပြည်နယ ်အစိုးရအဖွဲ့ရုံးမှာလည်း အလံတင်အခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သစ္စာပြတင်း အနုပညာပြပွဲ ၂၀၁၄ ကို မြစပယ်ခန်းမမှာ ဒီကနေ့ မနက် ၉ နာရီက စတင်ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အနုပညာပြကွက်တွေ ပြသထားတယ်လို့ ပြပွဲတာဝန်ခံ ကိုဇော်မင်းထူးက RFA ကို အခုလို ပြောပါတယ်။
ရန်ကုန်မြို့ အန်အယ်လ်ဒီပါတီ ဌာနချုပ်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
လွတ်လပ်ရေးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ မိန့်ခွန်းတွေထဲက အစိတ်အပိုင်းတချို့ကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်င် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ၆၆ နှစ်ပြည့်ပြီဖြစ်ပေမယ့် ခုချိန်ထိ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့အတူ လွတ်လပ်ရေးရဲ့အရသာ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်တချိုရဲ့အမြင်နဲ့ သဘောထားတွေကို မသင်းသီရိက စုစည်းထားတာ နားဆင်နိုင်ပါတယ်၊