ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောက်ခံပွဲ ကျင်းပ
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု ထောက်ခံပွဲကို ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
-
2017-09-24 -
-
-
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု ထောက်ခံပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းနေရတဲ့အချိန်မှာ ပြည်သူတွေက အတူရှိတယ်ဆိုတာကို ပြချင်လို့ ဒီပွဲကိုပြုလုပ်တာဖြစ်တယ်လို့ ထောက်ခံပွဲကို ဦးဆောင်တဲ့ ကိုပိုင်ရဲသူက ပြောပါတယ်။
"ကျနော်တို့တွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် အခုပြုလုပ်နေတဲ့ တိုင်းပြည်ရဲ့ အကျပ်အတည်းတွေ အကုန်လုံး၊ တိုင်းပြည်မှာ အခုနည်းနည်း အကျပ်အတည်းတစ်ခုဖြစ်နေတယ်၊ အဲဒီအကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည် သူတစ်ယောက်တည်းအားနဲ့ ဖြေရှင်းတဲ့ဟာတွေ တွေ့ရတယ်၊ အဲဒီတော့ ကျနော်တို့တွေအားလုံး သူနဲ့အတူ ထပ်တူရှိတဲ့ဟာကို ဖော်ပြတဲ့အနေနဲ့ ဒီပွဲကို လုပ်ဖြစ်တာပါ"
ထောက်ခံပွဲမှာ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ စုစုပေါင်း လူဦးရေ ၅၀၀ လောက် ပါဝင်ခဲ့ပြီး ပန်းရဲ့လမ်းတေးဂီတအဖွဲ့နဲ့ အနုပညာရှင်တွေက ငြိမ်းချမ်းရေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့သလို ကဗျာဆရာတွေက ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ခဲ့ပါတယ်။
အလားတူ NLD အစိုးရက ကိုင်တွယ်ဖြေရှင်းတာတွေကို ထောက်ခံတဲ့အကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမား ၂ ထောင်လောက်က ကုလသမဂ္ဂရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို အလေးထားဆောင်ရွက်တာတွေ၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ မတူကွဲပြားတဲ့ဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေအကြား သဟဇာတဖြစ်ကာ အတူနေနိုင်ရေးအတွက် ဆောင် ရွက်နေတာတွေကို အပြည့်အဝယုံကြည်တဲ့အကြောင်း ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ထုတ်ပြန်ချက် ထုတ်ပြန်ပြီး တိုက်တွန်းပါတယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလအတွင်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အကဲဆတ်တဲ့ အခြေအနေတွေကို မိတ်ဆွေကောင်းပီပီသသနဲ့ အတူလက်တွဲပြီး ကူညီပေးကြဖို့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအစိုးရတွေကိုလည်း မေတ္တာရပ်ခံတဲ့အကြောင်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။