ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ဖို့ NLD ပြော

မြန်မာ့နိုင်ငံရေး ပြသနာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ မပြေလည်နိုင်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ရစဉ်။ Reuters Photo

မြန်မာ့နိုင်ငံရေး ပြသနာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ မပြေလည်နိုင်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ၃၆ နှစ်မြောက် အခမ်းအနားကနေတစ်ဆင့် ထုတ်ပြန်တောင်းဆိုတာပါ။

ဒီထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတစ်ဝန်းက ပုဒ်မမျိုးစုံတပ်ပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချတာနဲ့ သူ့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။

NLD အနေနဲ့ စစ်ကောင်စီကို ကျဆုံးတဲ့အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်ရပ်တည်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

"NLD ပါတီအနေနဲ့ ခေတ်အဆက်ဆက် ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ စစ်အာဏာရှင်အဆက်ဆက်ကို တိုက်ပွဲဝင်လာခဲ့တဲ့အတိုင်း အခု နွေဦးတော်လှန်ရေးမှာလည်း စစ်ကောင်စီကျဆုံးကာ အသွင်ကူးပြောင်းရေး ကာလကိုရောက်ရှိပြီး တရားမျှတမှုကို ရှာဖွေနိုင်တဲ့အထိ တော်လှန်ရေးအဖွဲ့ဝင်တွေ၊ ပြည်သူလူထုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောလိုပါတယ်"

NLD ရဲ့ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကိုလည်း လက်ခံမှာ မဟုတ်ကြောင်း ထပ်လောင်းပြောဆိုထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာဖို့ မိတ်ဖက်အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်မှာ စစ်ကောင်စီက စွဲထားတဲ့ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org