ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အားလုံးက ဝိုင်းဝန်းကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်ရမယ်ဆိုရင် နိုင်ငံအတွင်းမှာ သိသာတဲ့ ပြောင်းလဲမှုတွေ ၁ နှစ်အတွင်းမှာ မြင်ရမှာဖြစ်ပြီး ဒီလိုဖြစ်ဖို့အတွက် ၁၀ စုနှစ်တစ်ခုအတွင်းမှာ အားလုံးက ဝိုင်းပြီးတော့ ကြိုးစားဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
-
2019-01-10 -
-
-
Your browser doesn’t support HTML5 audio
ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်ရမယ်ဆိုရင် နိုင်ငံအတွင်းမှာ သိသာတဲ့ ပြောင်းလဲမှုတွေ ၁ နှစ်အတွင်းမှာ မြင်ရမှာဖြစ်ပြီး ဒီလိုဖြစ်ဖို့အတွက် ၁၀ စုနှစ်တစ်ခုအတွင်းမှာ အားလုံးက ဝိုင်းပြီးတော့ ကြိုးစားဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီနေ့ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြောကြားခဲ့ တာဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပထမဆုံးကြိုးစားရမယ့်ကိစ္စဟာ ပြည်တွင်းငြိမ်းရေးကိစ္စဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ၁၁ ရက်နေ့မှာတော့ ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူစတဲ့ ကချင်မျိုးနွယ်စု အားလုံးပါဝင်တဲ့ မနောပွဲ ကိုကျင်းပမှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ကချင်ပြည်နယ်နေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အဲဒီထဲမှာ ကချင်ပြည်နယ်ဟာ အဖိုးတန် သဃံဇာတတွေ ပေါကြွယ်ဝပြီး ဆီးနှင်းဖုန်းတောင်တန်းတွေ အပါအဝင် သဘာဝ အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ပြည်နယ်တစ်ခုဖြစ်တာနဲ့အညီ ယခုအချိန်ဟာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်နယ်အစိုးရက ဦးဆောင်ပြီး ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်မျိုးနွယ်စုအားလုံးပါဝင်တဲ့ မနောပွဲတော်ကျင်းပတာဟာ ပထမဆုံးဖြစ်ပါတယ်။
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲကို ၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပါတယ်။
ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲနဲ့ ပတ်သက်ပြီး ကချင်ဘာသာစကားလို့ Kachin Mungdaw Nhtoi ဆိုတာနဲ့ Jinghpaw Mungdaw Nhtoi ဆိုတဲ့ အပေါ် သဘောထားကွဲလွဲတာတွေရှိသလို့ ယခုချိန်မှာ ကချင်ပြည်နယ် မငြိမ်းချမ်းတဲ့အပြင် စစ်ရှောင်ဒုက္ခသည်တွေရှိနေသေးတဲ့တွက် အခုလို ပွဲတွေမလုပ်သင့်ဆိုပြီး ပြည်သူလူထုတွေ အကြား သဘောထားကွဲလွဲ၊ ဝေဖန်တာတွေရှိနေခဲ့တာဖြစ်ပါတယ်။
ညနေပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်ဘာသာရေး အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ၊ ကချင်ရိုးရာစာပေအဖွဲ့၊ ကချင်မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဒီကနေ မြစ်ကြီးနားမြို့ မှာရှိတဲ့ Palm Spring ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ငြိမ်းချမ်းရေး၊ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ရေးနဲ့ နေရပ်ပြန်နိုင်ရေး၊ သိမ်းဆည်းထားတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ မြေတွေကို ပြန်လည်ရရှိနိုင်ရေး၊ မြစ်ဆုံစီမံကိန်းနဲ့ ကချင်ပြည်နယ်နေ့ ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့၊ မှုယစ်ဆေးဝါးပြဿနာ၊ ဘာသာရေး လွပ်လပ်ခွင့် အစရှိတာတွေ ကို တင်ပြခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က Rev ဒေါက်တာ အောင်နန်က RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တင်ပြချက်တွေထဲက တတ်နိုင်တာတွေကို ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားမယ် လို့ပြောဆိုခဲ့ပြီး ကချင်ပြည်နယ်နေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တင်ပြချက်ကိုတော့ တစ်နိုင်ငံလုံး မှာ ရုံးပိတ်ရက်တွေများတဲ့အတွက် မဖြစ်နိုင်ကြောင်း ဖြေကြားခဲ့တယ်လို့ Rev . ဒေါက်တာ အောင်နန်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။