မနောကွင်းကို သော့ခတ်ပိတ်ထား


2015.10.01
manaw-620.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောကွင်းဝင်ပေါက် ပိတ်ထားတာကို အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်းရုံး ဟောပြောခွင့် မပြုကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က မနေ့ညက အကြောင်းပြန်လိုက်ပြီး မနောကွင်းဝင်ပေါက် သုံးခုကို သော့ခတ်ပိတ်လိုက်ပါတယ်။

မနောကွင်းမှာ ဟောပြောပွဲစင်မြင့် ဆောက်ဖို့အတွက် အရင်ကပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ဒီနေ့မနက် သယ်ယူဖို့အတွက် အထဲကိုဝင်ခွင့်မပေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ် အောင်မြင်ရေး တာဝန်ခံ ဒေါ်ကြူကြူသန်းက ပြောပါတယ်။

"ကျမတို့အနေနဲ့ကတော့ မနောကွင်းကို သုံးခွင့်မပြုဘူးလို့ ထုတ်ပြန်လိုက်တဲ့စာကို ကျမတို့လိုက်နာတယ်နော် ၊ သော့ခတ်လိုက်တာဟာလည်း အစိုးရိမ်လွန်ပြီးတော့ သော့ခတ်တယ်ဆိုရင်လည်း ကျမတို့ ဘာမှအပြစ်ပြော စရာမရှိဘူး၊ ဟောပြောစင်မြင့်တည်ဆောက်ဖို့အတွက် ဒီအထဲကပစ္စည်းတွေကို သယ်ယူသွားရမယ့်ကိစ္စဟာ ကျမတို့ကို တံခါးတောင်မဖွင့်ပေးနိုင်ဘူးဆိုတဲ့ အဖြစ်ကတော့ ဘယ်လိုဖြစ်လို့ ကော်မရှင်ဟာ ဒီလိုဆုံးဖြတ် ပြီး ဒီလိုလုပ်နိုင်တာလဲဆိုတာ စဉ်းစားလို့တောင် မတတ်တော့ပါဘူး"

မနောကွင်းတံခါးတွေကို မနေ့ညက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်သော့ခတ်လိုက်တာလို့ ယူဆရကြောင်း ကချင်လူမျိုးများရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ  ဦးလဂျိုင်ဟောင်းခေါင် က ပြောပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက အရာရှိတွေကတော့ မိမိတို့ကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ညွှန်ကြားထားတာ မရှိကြောင်းနဲ့ မနောကွင်းထဲမှာ လုံခြုံရေးအတွက် အရင်ကလည်း ရဲတပ်ဖွဲ့တွေ ရှိတယ်လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က ဖုန်းနဲ့ ဆယ်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေ ဆိုခြင်းမရှိပါဘူး။

အခုလို မနောကွင်းမှာ ဟောပြောပွဲ ပိတ်လိုက်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောပွဲကို မနောကွင်းရဲ့လမ်းအနောက်ဘက်ခြမ်းမှာရှိတဲ့ မနောအားကစားကွင်းမှာ ပြုလုပ် ဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။

အဲ့ဒီနေရာဟာ မိုးရေတွေဝပ်ပြီး ရွှံ့ဗွက်တွေရှိတဲ့ကွင်းဖြစ်ပါတယ်။

အရင်က မနောကွင်းမှာ ဟောပြောပွဲကျင်းပဖို့အတွက် ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက အန်အယ်လ်ဒီပါတီကို ခွင့်ပြုခဲ့ပေမယ့် ကချင်ပြည်နယ်အစိုးရက မနောကွင်းမှာ မဲဆွယ်စည်းရုံးဟောပြောခွင့် မပြုဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တားမြစ်လိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် အောက်တိုဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ မိုးမောက် စတဲ့မြို့တွေမှာ မဲဆွယ်စည်းရုံးဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။