ဒေါ်အောင်ဆန်းစုကြည်ထံက နိုဘယ်လ်ဆု ပြန်ရုပ်သိမ်းရန် အကြောင်းမရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပြန်လည်ရုပ်သိမ်းရန် အကြောင်း တစ်စုံတရာ မရှိပါဘူးလို့ နိုဘယ်လ် ဆုကော်မတီက ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: State Counsellor of Myanmar's Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ကို ပြန်လည်ရုပ်သိမ်းရန် အကြောင်း တစ်စုံတရာ မရှိပါဘူးလို့ နိုဘယ်လ်ဆုကော်မတီက ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာဗိုလ်ချုပ်ကြီးတွေကို အရေးယူဖို့ ထောက်ခံတင်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးရန် ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြခဲ့တာနဲ့ စပ်လျဉ်းပြီး နိုဘယ်လ်ဆုကော်မတီ အတွင်းရေးမှူး Olav Njoelstad အိုလက်ဗ် နရိုးစတဒ် က နိုဘယ်လ်ဆုကို ချီးမြှင့်တာဟာ ဆုပေးတဲ့ကာလအထိ အဲဒီ ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်မှုတွေအတွက် ချီးမြှင့်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ဒီဆုချီးမြှင့်ခဲ့တာဟာ အဲဒီကာလအထိ သူမရဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်ရေး ဆောင်ရွက်မှုတွေ အတွက်ဖြစ်တယ်။ ဆုပေးပြီးနောက်ပိုင်း လုပ်ဆောင်မှုတွေနဲ့ မဆိုင်ပါဘူး။ ဒါ့အပြင် မိမိတို့ အဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ အရ နိုဘယ်လ်ဆုကို ပေးပြီးရင် ပြန်ရုပ်သိမ်းလို့ မရပါဘူးလို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကနေဒါနိုင်ငံ ဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ Irwin Cotler အာဝင် ကော့တ်လာ က ဒေါ်အောင်ဆန်းစုကြည်ကို အရင်က အပ်နှင်းထားတဲ့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသူဆုကို မြန်မာ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တားဆီးရန် သူမရဲ့ ပျက်ကွက်မှုအတွက် ပြန်လည်ရုပ်သိမ်းပါလို့ မနေ့က တောင်းဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org