NCA စာချုပ် အားလုံးမပါရင် စိတ်ဝမ်းကွဲမှာ ဒေါ်အောင်ဆန်း စုကြည် စိုးရိမ်

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မှာ အသိ သက်သေအဖြစ် လက်မှတ်ရေးထိုးဖို့ ဆိုရင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့လို အပ်ကြောင်း အားလုံးမပါဝင်ဘဲ လက်မှတ်ရေးထိုးလိုက်မယ် ဆိုရင် တိုင်းရင်းသားတွေကြားထဲ စိတ်ဝမ်း ကွဲအောင် လုပ်သလိုမျိုးဖြစ်သွားမလားလို့ စိုးရိမ်မိကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ လယ်ပုံတန်းရပ်ကွက် အားကစားကွင်းမှာ အောက်တိုဘာ ၄ ရက်နေ့က မဲဆွယ်စည်းရုံးဟောပြောနေစဉ် Photo: Kyaw Myo Min/ RFA

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးဖို့ဆိုရင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့လိုအပ်ကြောင်း အားလုံးမပါဝင်ဘဲ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် တိုင်းရင်း သားတွေကြားထဲ စိတ်ဝမ်းကွဲအောင် လုပ်သလိုမျိုး ဖြစ်သွားမလားလို့ စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှာ မနေ့ညနေက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်း ရုံးဟောပြောရာမှာ တက်ရောက်လာတဲ့ ဒေသခံတစ်ဦး က အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်မတက်တာလဲလို့ မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အခုကျမတို့သိသလောက်ကတော့ ၈ ဖွဲ့နဲ့ လက်မှတ်ထိုးမယ်လို့ကြားပါတယ်၊ အဲ့တော့ ကျမတို့အဖွဲ့ချုပ်ကို ဖိတ်ရင်တော့ ကျမတို့က ကိုယ်စားလှယ်လွှတ်မှာပါ၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကျမတို့ သက်သေလက်မှတ်ထိုးရမယ်ဆိုရင် တိုင်းရင်းသားတွေအားလုံး စုံစုံညီညီပါစေချင်ပါတယ်၊ စုံစုံညီညီပါတဲ့ အခါမှ ကျမတို့ထိုး သင့်တယ်လို့ ကျမတို့ယုံကြည်ပါတယ်၊ ကျမတို့က မစုံညီပဲလက်မှတ်ထိုးလိုက်ရင် တိုင်းရင်းသားတွေ ကြားထဲမှာ စိတ်ဝမ်းကွဲအောင် လုပ်သလိုများဖြစ်သွားမလားဆိုပြီး စိုးရိမ်စိတ်ရှိပါတယ်၊ အပစ်အခတ်ရပ် စဲရေးဖြစ်နိုင်သလောက်ဖြစ်မြောက်တာကို ကျမတို့အနေနဲ့ ကြိုဆိုပါတယ်၊ အပြည့် အဝဖြစ်မြောက်သည် ထိစောင့်ပြီးတော့မှ ပါဝင်ချင်ပါတယ်"

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ဟာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်မရေး ထိုးသေးဘူးလို့ ပြောထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်ခင်မှာ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်လာမှာတွေ ရှိနိုင်ကြောင်း မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အဲဒီလို လုပ်ဆောင်မှုတွေရှိလာရင် သတိရှိကြဖို့ကိုလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဝန်ထမ်းလေ့ကျင့်ရေးသင် တန်းကျောင်းရှိတဲ့ ဖောင်ကြီး၊ ရဲမွန်ရွာသစ်နဲ့ ရဲမွန် တပ်မြို့တို့မှာလည်း ဟောပြောခဲ့ပြီး တနင်္ဂနွေနေ့က လှည်းကူး မြို့မှာ ဟောပြောခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တဲ့သူတွေ ရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ ရန်ကုန်တိုင်း မှော်ဘီ တိုက်ကြီးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org