မြန်မာ့ပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ မပြေလည်နိုင်ကြောင်း NLD ပြော

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်။ THAR BYAW / MYANMAR STATE COUNSELLOR OFFICE / AFP

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ NLD ပါတီက သြဂုတ် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

သြဂုတ် ၃၁ ရက်က NLD ဒုတိယဗဟိုကော်မတီ အွန်လိုင်းအစည်းအဝေး ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို နည်းမျိုးစုံသုံးပြီး ဆောင်ရွက်ဖို့နဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမလုပ်ဘဲ အသိအမှတ်မပြုဖို့လည်း NLD က ထုတ်ပြန်ပါတယ်။

အဲဒီအစည်းအဝေးကို NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး NLD ပါတီဝင် စုစုပေါင်း (၉၃) ယောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မကြာသေးခင်က လားရှိုးထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လည်း အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

ဦးထွန်းထွန်းဟိန် ပါတီတာဝန်တွေကို ပြန်လည်ထမ်းဆောင်တော့မဲ့အကြောင်း အဲဒီအစည်းအဝေးမတိုင်ခင်မှာ အွန်လိုင်းကနေ ပါတီဝင်တွေနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org