ဝန်ကြီးချုပ်တွေကို အလုပ်လုပ် ခိုင်းဖို့ ပြော

ဝန်ကြီးချုပ်တွေကို အလုပ်တွေခိုင်းဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း ပခုက္ကူမြို့နယ် စံပြကြီးရွာ က ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၂၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့နယ် စံပြကြီးရွာ က ဒေသခံတွေနဲ့ တွေ့ဆုံစဉ် Photo: Kaung Htet Kyaw/ RFA

ဝန်ကြီးချုပ်တွေကို အလုပ်တွေခိုင်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း ပခုက္ကူမြို့နယ် စံပြကြီးရွာက ဒေသခံတွေ နဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။

ဒီနေ့ ပခုက္ကူမြို့နယ် စံပြကြီးရွာကို ရောက်ရှိနေစဉ် ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှစ်ဦး တို့ကို ဒေသခံရွာသူ ရွာသားတွေနဲ့ မိတ်ဆက်ပေးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

"ဝန်ကြီးချုပ်က ပြည်သူလူထုတွေက မဲပေးလို့ ရလာတဲ့ဝန်ကြီးချုပ်၊ အဲ့တော့ သူတို့ကို ခိုင်းပိုင်ခွင့် ရှိတယ်ဆိုတာကို သေသေချာချာမှတ်ထားပါ"

ပြည်သူတွေအနေနဲ့ အစိုးရအပေါ် သည်းခံသင့်တဲ့နေရာမှာသည်းခံပြီး သည်းမခံသင့်တဲ့နေရာမှာ မခံကြဖို့ ပြောပါတယ်။

ခရီးစဉ်မှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စိုက်ပျိုးရေး နဲ့ မွေးမြူရေးဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့ လိုက်ပါလာတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဘူတန်ဘုရင်မိသားစုဝင်တွေနဲ့ အတူ စေတီပုထိုးတွေကို လိုက်လံဖူးမြော်ခဲ့ပြီး ငလျင်ဒဏ်သင့်ခဲ့ တဲ့ စေတီတွေ ပြုပြင်နေတာကို ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ မကွေးတိုင်း ပခုက္ကူမြို့နယ်က စံပြကြီးရွာက မဟာဝိသုဒ္ဓါရာမကျော်ဇောဦး ကျောင်းတိုက်ကို သွားရောက်ပြီး ကျောင်းတိုက်ဆရာတော်ကို ဖူးမြော်ခဲ့ပါတယ်။

အဲဒီနောက် စံပြကြီးကျေးရွာထဲက ကလေးတွေအာဟာရပြည့်ဝရေး ရက်တစ်ထောင်စီမံချက် ဆောင်ရွက်နေတဲ့ အခြေအနေကို ဒေသခံရွာသူ ရွာသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ နေ့လည်မှာ ပုဂံနဲ့ ပခုက္ကူခရီးစဉ်ကို အဆုံးသတ်ပြီး နေပြည်တော်ကို ပြန်လည်ထွက်ခွာသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org