ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးဖို့ တောင်းဆိုချက်အတွက် ပုပ်ရဟန်းမင်းကြီးကို ကျေးဇူးတင်ကြောင်း ကင်အဲရစ်ပြော

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီလိုတိုက်တွန်းပြောဆိုပေးတဲ့အတွက် ကျေးဇူးတင်နေမှာပါလို့လည်း ကင်အဲရစ်က ပြောပါတယ်။

ါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်တွင် မြင်တွေ့ရစဉ်။ Reuters

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့၊ သားဖြစ်သူနဲ့အတူ ပုပ်ရဟန်းမင်းကြီး စံတဲ့ ဗာတီကန်နန်းတော်မှာ သားအမိ တွေ့ဆုံခွင့်ပြုဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့တောင်းဆိုချက်အပေါ် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

၁၂ ရက်ကြာ အာရှ ခရီးစဉ်အတွင်း ဒေသတွင်း ရိုမန်ကက်သလစ် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပုပ်ရဟန်းမင်းကြီးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီလိုတိုက်တွန်းပြောဆိုပေးတဲ့အတွက် ကျေးဇူးတင်နေမှာပါလို့လည်း ကင်အဲရစ်က ပြောပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်ကို စစ်ကောင်စီဘက်က လက်ခံ စဉ်းစားလုပ်ဆောင်မှာ မဟုတ်ပါဘူးလို့လည်း သူက ပြောပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေအပေါ် သြဇာကြီးမားကြောင်း၊ ဒီအချက်ကို စစ်ခေါင်းဆောင်တွေအနေနဲ့ စိုးရိမ်ကြောက်ရွံ့ကြတဲ့အတွက် အခုလို ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ကြောင်း၊ ဒါပေမဲ့ မိခင်ဖြစ်သူဟာ ပြည်တွင်းမှာပဲနေနေ၊ ပြည်ပမှာပဲနေနေ ထောက်ခံအားပေးသူများပြီး သြဇာကြီးသူဖြစ်လို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ပေးနိုင်စွမ်းသူ ဖြစ်ပါတယ်လို့လည်း ကင်အဲရစ်က ဒီနေ့ပေးပို့တဲ့ တုံ့ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိမိခင်ဖြစ်သူဟာ နေအိမ်အကျယ်ချုပ်မှာ ဖမ်းဆီးခံထားရတာမဟုတ်ဘဲ နေပြည်တော်ထောင်ထဲက ဆိုးရွားလှတဲ့အကျဉ်းခန်းကျဉ်းလေးထဲမှာ ဖမ်းဆီးခံနေရဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်နှစ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈ဝ ပြည့်တော့မှာဖြစ်ပြီး ကျန်းမာရေးမကောင်းဘူးဆိုတာလည်း ကြားရတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလကစလို့ သူ့ရှေ့နေအဖွဲ့နဲ့ ဆက်သွယ်ခွင့်မရတော့ဘဲ အခုအချိန်အထိ မိခင်နဲ့ အဆက်အသွယ် ပြတ်နေဆဲပါလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org