ဖက်ဒရယ်စနစ် အရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

ဖက်ဒရယ်စနစ်ဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးစုပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအပေါ် အခြေခံတဲ့ တိုးတက်ရေးကို ရေရှည်ထိန်းသိမ်းနိုင်မှာ ဖြစ်တာကြောင့် ဖက်ဒရယ် စနစ်ကို ဦးတည်တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၂၀ ဇန်နဝါရီ ၁၅ ရက်နေ့ ကယားပြည်နယ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် Photo: Myanmar State Counsellor Office

ဖက်ဒရယ်စနစ်ဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးစုပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေး၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအပေါ် အခြေခံတဲ့ တိုးတက်ရေးကို ရေရှည်ထိန်းသိမ်းနိုင်မှာ ဖြစ်တာကြောင့် ဖက်ဒရယ်စနစ်ကို ဦးတည်တာ ဖြစ်တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တဟေဝန်ပန်းခြံမှာ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အဖွင့်မိန့်ခွန်းက ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီမိုကရေစီနဲ့ ဖက်ဒရယ် နှစ်ခုစလုံးအပေါ် လွှမ်းမိုးနေတာက ပြည်ထောင်စုဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတာဖြစ်ဖို့ ကြိုးစားနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လွိုင်ကော်မြို့ဟာ သန့်ရှင်းတဲ့ အာဆီယံခရီးသွားမြို့တော်ဆု ရရှိပြီး အခုလိုဖြစ်အောင် လုပ်နိုင်တာဟာ အားလုံးရဲ့ ဝိုင်းဝန်းကြိုးစားမှုကြောင့်ဖြစ်သလို ကယားပြည်နယ်တစ်ခုလုံး စံပြခရီးသွားပြည်နယ် ဖြစ်လာဖို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ကရင်နီပြည်လူငယ်အင်အားစုအဖွဲ့နဲ့ ပြည်နယ် အစိုးရအဖွဲ့ ဧည့်ရိပ်သာမှာ တိုင်းရင်းသား တန်းတူအခွင့်အရေး၊ ဖမ်းဆီးတရားရင်ဆိုင်နေရတဲ့ တောင်သူလယ် သမားအရေးနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွေ ဆွေးနွေးမှာဖြစ်ပါတယ်။

၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ တိုင်းရင်းသား ယဉ်ကျေးမှုကော်မတီတွေကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org