အတိုင်ပင်ခံပုဂ္ဂိုလ် ကော့မှူးမြို့နယ် သွားရောက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကောမှူးမြို့နယ်အတွင်းက အောင်ဇမ္ဗူဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဟိုတယ်အတတ်သင် ပညာရေးကျောင်းတွေကို ဒီနေ့ သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးအခြေအနေတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
-
2018-07-20 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကောမှူးမြို့နယ်အတွင်းက အောင်ဇမ္ဗူဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဟိုတယ်အတတ်သင် ပညာရေးကျောင်းတွေကို ဒီနေ့ သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးအခြေအနေတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
ကောမှူးမြို့နယ်ကို သံယောဇဉ်ရှိသလို သူရဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော ခဲ့ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း ကပြောပါတယ်။
“ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် သူကော့မှူးမြို့ကို သံယောဇဉ် ရှိသလိုပေါ့နော်၊ ကော့မှူးမြို့နယ်ကလည်း ရှင်းရှင်းပြောရရင် ဒါနိုင်ငံတော်အတိုင်ပင်ခံရဲ့ မျှော်လင့်ချက်ပဲ ဆိုတဲ့ စကားလေး သူသုံးသွားတဲ့အတွက် ကျနော်တို့ ရန်ကုန်တိုင်းမှာ အဆင်းရဲဆုံးနဲ့ စီးပွားရေးအနိမ့် ကျဆုံးမြို့ပဲလေ၊ ကော့မှူးမြို့က စီးပွားရေးနိမ့်ကျတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကော အစစ အရာရာချို့တဲ့နေတဲ့ မြို့လေးကို သူက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့တာလေ၊ သူကြိုးစားပြီး လုပ်ကိုင်တဲ့အခါ ကော့မှူးမြို့နယ် အခြေအနေက ဘယ်လောက်ထိဖြစ်လာနိုင်လဲ။ အဲဒါ ဆိုရင် ကော့မှူးမြို့နယ်ပုံစံကိုကြည့်ပြီး တိုင်းတွေကကော ဘယ်လောက်ထိ ဖြစ်လာနိုင်မလဲဆိုတာ ကို လေ့လာချင်တဲ့ဆန္ဒလို့ ကျနော်က နားလည်တာပေါ့။”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကော့မှူးမြို့နယ်ကို မရောက်တာ ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်တာကြောင့် လာရောက် လေ့လာတာဖြစ်တယ်လို့ ဦးကျော်ဆွေဝင်း က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ လည်း ပါဝင်လာပါတယ်။
ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံ ပြီး ဒေသလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး၊ ရွာချင်းဆက်လမ်းတွေ ဖောက်လုပ်ပြီးစီးမှု အခြေအနေနဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းဆွေးနွေးခဲ့ပါတယ်။