နေပြည်တော်က ကရင်နှစ်သစ်ကူးကို လွှတ်တော်ဥက္ကဌတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်
နှစ်သစ်ကူးမှာ ပြည်ထောင်စုကြီး အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့် ချက်တွေထားပြီး ညီညွတ်အောင် လုပ်ကြဖို့ ဇန်နဝါရီလ ၁၂ ရက် မနေ့ညပိုင်းက နေပြည်တော် စည်ပင် ဧည့်ရိပ်သာ မှာကျင်းပတဲ့ (၇၅)ကြိမ်မြောက် ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
-
2013-01-13 -
-
-
နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာကျင်းပတဲ့ ၇၅ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ်
Photo: RFA/Win Naung Toe
အဲဒီပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကလည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသားအချင်းချင်း အမျိုးသားပြန်လည်စည်းလုံးရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ဒီနှစ်သစ်ကူးနေ့ကနေ သက်သေပြလိုက်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကလည်း နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက ကောင်းမွန်မှုတွေကို ဆက်လက်သယ်ပိုးသွားဖို့လိုအပ်သလို မကောင်းတာတွေထဲကလည်း အမှားသင်ခန်းစာတွေရယူဖို့ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
လွှတ်တော်ခေါင်းဆောင်တွေအပါအဝင် လွှတ်တော်နှစ်ရပ်လုံးက တိုင်းရင်းသား လွှတ်တော်ကိုယ်စားတွေနဲ့ နိုင်ငံရေးပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၆၀လောက် တက်ရောက်ခဲ့ကြပါတယ်။