မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု ဒေါ်အောင်ဆန်း စုကြည် ဝေဖန်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေရှိနေဆဲဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲမှာ ပြောပါတယ်။

ရမည်းသင်းမြို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အကြို အထိမ်းအမှတ် လူထုဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် Photo: Myo Thant Khaing/RFA

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေ ဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေး ကြေညာစာတမ်းကို သဘောတူလက်မှတ်ရေး ထိုးထားပေမယ့် မလိုက်နာဘဲ လူ့အခွင့်အရေး ချိုးဖောက်နေတာဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့တာပါ။

"၁၉၄၈ ခုနှစ်မှာပဲ ကျမတို့ရဲ့ ဗမာနိုင်ငံကနေပြီးတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ထိုးပြီးတော့ လက်ခံခဲ့ပါတယ်၊ ဒါကြောင့် ဒီနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုရှိတဲ့ဆိုတာဟာ ချိုးဖောက်မှုနှစ်မျိုးလို့ ကျမကမြင်ပါတယ်၊ တစ်ခုက ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာ ထားသင့်တဲ့ တာဝန်သိစိတ်ကို ချိုးဖောက်တာဖြစ်တယ်၊ နောက် တစ်ခုကတော့ ကမ္ဘာ့အလယ်မှာ လက်မှတ်ထိုးပြီးတော့ ခံဝန်ချက်ကိုလည်း ချိုးဖောက်ရာရောက်ပါတယ်၊ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာဟာ အင်မတန်မှ ကြီးမားတဲ့ပြစ်ချက်ပဲလို့ ကျမတို့မြင်ပါတယ်"

အဲဒီလူထုဟောပြောပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကို နမူနာယူကြဖို့ ဒေါ်အောင်ဆန်း စုကြည်က အဓိကထားပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြိုအဖြစ် လူထုဟောပြောပွဲတွေကို မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ရွှေစည်းခုံ ဘုရားဝင်းထဲမှာ ကျင်းပခဲ့သလို နေ့လည်ပိုင်းမှာလည်း နေပြည်တော် ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကွင်းမှာ ကျင်းပခဲ့ပါတယ်။

မိုးရွာသွန်းမှုကြောင့် ရမည်းသင်းက လူထုဟောပြောပွဲကို တက်ရောက်သူနည်းပါးခဲ့ပြီး ပျဉ်းမနားမြို့နယ် က ဟောပြောပွဲကို လူဦးရေ ၅၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org