ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး စိုးရိမ်ကြောင်း NLD နဲ့ သားဖြစ်သူပြော

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း ကလည်း သူ့မိခင်ရဲ့ ကျန်းမာရေးကောင်းမွန်ရဲ့လားဆိုတာကို သိရှိလိုကြောင်း၊ တစ်စုံတစ်ဦးနဲ့မှလည်း တွေ့ခွင့်မရတဲ့အတွက် တိုက်ပိတ်ခံနေရတဲ့ အကျဉ်းသားတစ်ဦးလိုဖြစ်နေကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ Soe Than WIN / AFP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က လျှို့ဝှက်ထားသောနေရာများတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ရပိုင်ခွင့်တွေကို မပေးဘဲ ချုပ်နှောင်ထားကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလောက်စွာ မရရှိတဲ့အတွက် စိုးရိမ်ကြောင်းနဲ့ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ထိခိုက်မှု ဖြစ်ပေါ်လာမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီမှာ တာဝန်အပြည့်အဝ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက စက်တင်ဘာလ ၁၄ ရက် ဒီနေ့ရက်စွဲနဲ့ စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ သတင်းထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝန်းရံ တိုက်တွန်းပေးကြပါလို့လည်း တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း ကလည်း သူ့မိခင်ရဲ့ ကျန်းမာရေးကောင်းမွန်ရဲ့လားဆိုတာကို အထူးသိရှိလိုကြောင်း၊ အခုလက်ရှိမှာ သူ့မိခင်အနေနဲ့ ဥပဒေ အကျိုးဆောင်တွေ၊ ဆရာဝန်တွေနဲ့ တွေ့ခွင့်မရသလို တခြား တစ်စုံတစ်ဦးနဲ့မှလည်း တွေ့ခွင့်မရတဲ့အတွက် တိုက်ပိတ်ခံနေရတဲ့အကျဉ်းသား တစ်ဦးလိုဖြစ်နေကြောင်း AP သတင်းဌာနကို ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ဒ့ါအပြင် သူ့အနေနဲ့ မိခင်ဖြစ်သူကို မတွေ့ရတာလည်း နှစ်နှစ်ခွဲကျော်ကြာခဲ့ပြီဖြစ်လို့ ဒီအခြေအနေတွေကို ကမ္ဘာတစ်ခုလုံးက အလေးအနက်ထားစေလိုပါကြောင်းနဲ့ တစ်ဆက် တည်းမှာပဲ တကယ်လို့သာ ကမ္ဘာကြီးအနေနဲ့ ယူကရိန်းနိုင်ငံကို ဝိုင်းဝန်းပံ့ပိုးနေကြတဲ့ အကူအညီတွေရဲ့ နှစ်ရာခိုင်နှုန်းပဲ ပေးမယ်ဆိုရင်တောင် မြန်မာပြည်ရဲ့ အခြေအနေတွေ က တကယ်ကို ထူးထူးခြားခြား ပြောင်းလဲတိုးတက်သွားမှာ ဖြစ်ပါတယ်၊ မလိုအပ်ဘဲ သွေးမြေကျမှုတွေ အဆုံးသတ်ရေးအတွက် မြန်မာပြည်သူတွေကို ကမ္ဘာတစ်ခုလုံးက ကူညီကြပါလို့လည်း ကိုထိန်လင်း ခေါ် ကင်မ်အဲရစ် က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org