ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကို ဂုဏ်ယူကြောင်း ပြင်သစ် အစိုးရ ပြောကြား
ပြင်သစ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာတဲ့အပေါ် ကြိုဆိုကြောင်း၊ ပြင်သစ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့အကြားမှာရှိတဲ့ ဆက်ဆံရေးကို ဂုဏ်ယူကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ပြောကြားလိုက်ပါတယ်။
-
2014-04-16 -
-
-
ပြင်သစ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာတဲ့အပေါ် ကြိုဆိုကြောင်း၊ ပြင်သစ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြားမှာရှိတဲ့ ဆက်ဆံရေးကို ဂုဏ်ယူကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနေ့က တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို ပြင်သစ်နိုင်ငံနဲ့အတူ အီးယူ ဥရောပ သမဂ္ဂက စောင့်ကြည့်နေကြောင်း ၊ မြန်မာပြည်သူလူထု လွတ်လပ်စွာ မဲပေးနိုင်ခွင့်၊ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်ခွင့်၊ နိုင်ငံရေးပါတီတိုင်း ရွေးကောက်ပွဲဝင်နိုင်ခွင့် ရရှိရေးအတွက် ပြင်သစ်အစိုးရက မျက်ခြေမပြတ် စောင့်ကြည့်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ ငြိမ်ချမ်းရေးကိစ္စတွေကိုလည်း စောင့်ကြည့်ပြီး လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပညာရေးကဏ္ဍတွေမှာ အရင်ကထက် ပိုမိုကူညီအားပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ပြင်သစ်အစိုးရဟာ လက်ရှိ မြန်မာအစိုးရခေါင်းဆောင်ပိုင်း နဲ့ ဆွေးနွေးမှုတွေရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ထွန်းကားရေးအတွက် လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက အားပေးကူုညီခဲ့တာဖြစ်သလို ဆက်လက်ပြီးလည်း ကူညီသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေလည်း ပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေကြောင်း ပြင်သစ်နိုင် ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြသွားခဲ့ပါတယ်။
၂၀၁၅ မှာဘာတွေဖြစ်လာမလဲဆိုတာဟာ ၂၀၁၄ ရဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်တွေပေါ်မှာ မူတည်ပေါ်ပေါက်လာ မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အလွယ်တကူ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ အများအပြားရှိနေကြောင်း၊ အဲဒီပြဿနာတွေဖြေရှင်းဖို့ အချိန်အများကြီးလိုအပ်သလို အစိုးရက အဓိက ဖြေရှင်းပေးရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီအားပေးဖော်ဆောင်ပေးချင်တဲ့ အစိုးရတိုင်းက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကူညီပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန် François Hollande နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံကနေ ထွက်ခွာလာမှာဖြစ်ပြီး မြန်မာနိုင်ငံကို မနက်ဖြန် ပြန် လည်ရောက်ရှိမှာဖြစ်ပါတယ်။