အာဏာ လက်မလွှတ်ချင်သူကို တားမြစ်ရမည်
ကိုယ့်လက်ထဲရရှိထားတဲ့ အာဏာကို လက်မလွှတ်ချင်လို့ နည်းလမ်းအမျိုးမျိုး သုံးပြီး ဆုပ်ကိုင်ထားတယ်ဆိုတာ လုံးဝမသင့်တော်ဘူး၊ ဒါမျိုးကိုတားမြစ်နိုင်အောင် လုပ်သွား ကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2014-10-29 -
-
-
ကိုယ့်လက်ထဲရရှိထားတဲ့ အာဏာကိုလက်မလွှတ်ချင် လို့ နည်းလမ်းအမျိုးမျိုးသုံးပြီး ဆုပ်ကိုင်ထားတယ်ဆိုတာ လုံးဝမသင့်တော်ဘူး၊ ဒါမျိုးကိုတားမြစ်နိုင်အောင် လုပ်သွားကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
RFA အပတ်စဉ် ကဏ္ဍတစ်ခုဖြစ်တဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက်ပြောကြားရာမှာ အခုလို ပြောသွားတာဖြစ် ပါတယ်။
တချို့လူတွေဟာ သူတို့ကိုယ်သူတို့ ဘယ်တော့မှအမှား ကို မလုပ်ဘူးလို့ထင်မှတ်နေတယ်။ အမှားကို အမှားမှန်း မသိတာဟာတော်တော် ပြင်ဖို့ခက်ခဲတဲ့ ကိစ္စပဲလို့လည်း ပြောသွားပါတယ်။
"ကိုယ့်အပြစ်ကို အပြစ်မှန်းမသိလို့ရှိရင် ပြင်ချင်တဲ့ စိတ်က လုံးဝမရှိဘူး၊ အပြစ်ကို အပြစ်မှန်းသိတယ် ကိုယ်ကမှားမှန်းကိုယ်သိတယ်ဆိုရင် ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ ဒါမဟုတ်ဘူးဆိုတဲ့ အသိစိတ် ကလေးကြောင့်ကို တစ်နေ့၊ တစ်ချိန်၊ တစ်ခါမှာ ကိုယ့်ကိုကိုယ်ပြုပြင်လာတဲ့ အခြေအနေကို ရောက်နိုင် တယ်၊ ကိုယ်မှားတယ် ကိုယ့်မှာအပြစ်ရှိတယ်ဆိုတာကို လုံးဝမသိဘူး၊ လုံးဝကိုယ့်ကိုကိုယ်လည်း မဝန်ခံ ဘူး၊ သူများကိုလည်း မဝန်ခံဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြုပြင်ဖို့ ခက်လိမ့်မယ်ထင်တယ်"
ဒါ့အပြင် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဒါတွေဟာဟိုအရင်က မြန်မာနိုင်ငံမှာ မရှိခဲ့တဲ့အတွက် အခုအခါမှာအသစ်အဆန်းလုပ်ပြီး တချို့လူတွေက ပြောနေကြတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။