အဂတိမှုစွပ်စွဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒုသမ္မတ သက်သေထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အဂတိမှုအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့ရုံးချိန်းမှာ လာရောက်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူအား ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အဂတိမှုအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုံးချိန်းမှာ လာရောက် ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဂတိမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

အဲဒီကာလက ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေမှာ အဓိက တာဝန်ရှိတဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဖြစ်ပါတယ်။ ဒီကနေ့ သူက စွပ်စွဲခံရသူတွေဘက်က တင်သွင်းတဲ့ သက်သေအဖြစ်နဲ့ နေပြည်တော်အချုပ်ထောင်တွင်း တရားခွင်ကို လာရောက်ထွက်ဆို ခဲ့တာပါ။

ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းတွေ အတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ ဦးဟင်နရီဗန်ထီးယူက ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အမှုမှတ် ၄၆ ကနေ ၄၇၊ ၄၈၊ ၄၉၊ ၅၀ အထိ အမှုငါးမှုရှိပြီး ဒီနေ့ရုံးချိန်းမှာ အမှုအမှတ် ၄၆၊ ၄၇၊ ၄၈ သုံးမှုထိ စစ်ဆေးပြီးစီးခဲ့ပါတယ်။ နောက်ထပ် နှစ်မှုကို ဆက်လက်စစ်ဆေးဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် နိုင်ငံတော်အကြီးကဲတွေကို ဖမ်းဆီးချုပ်နှောင်ခံခဲ့ ရပေမယ့် ဦးဟင်နရီဗန်ထီးယူကတော့ ဒုတိယသမ္မတရာထူးနဲ့ ဆက်ရှိနေပြီး ဖမ်းဆီးတရားစွဲဆိုခံရတာ မရှိပါဘူး။

အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှု ၁၉ မှုနဲ့ စွပ်စွဲခံရပြီး တရားစွဲ ခံထားရသလို အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org