ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုအယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာ
သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အမှုတွေထဲက ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိအမှု ငါးမှု အယူခံအတွက် နှစ်ဖက်ကြားနာခဲ့ပါတယ်။
-
RFA Burmese
2023-07-13 -
-
-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စွပ်စွဲထောင်ချခံထားရတဲ့ အမှုတွေထဲက ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိအမှု ငါးမှု အယူခံအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ဇူလိုင်လ ၁၂ ရက်နေ့က နှစ်ဖက်ကြားနာခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတော့ စွပ်စွဲချက်တွေဟာ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အပြီးသတ်လွှတ်ပေးဖို့ လျှောက်လဲခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လွှတ်မပေးသင့်ကြောင်း လျှောက်လဲခဲ့ကြတာပါ။
ဒီအမှုတွဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့အတွက် NLD အစိုးရက ရဟတ်ယာဉ်အသစ်တစ်စီး ဝယ်ယူ၊ ငှားရမ်းတာနဲ့ ပြုပြင်ထိန်းသိမ်းခဲ့တဲ့ကိစ္စတွေမှာ အဂတိလိုက်စားမှုတွေရှိခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့တာဖြစ်ပြီး ဒီအမှုငါးခုအတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ထောင်ခုနစ်နှစ် ချမှတ်ခံထားရတာပါ။
သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ အပြစ်မရှိကြောင်း နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ ဒီအမှုတွေနဲ့ ပတ်သက်လို့ ရုံးထုတ်စစ်ဆေးစဉ် ကိုယ်တိုင်ထွက်ဆိုထားပါတယ်။
စစ်ကောင်စီလက်ထက်မှာ ဒုတိယသမ္မတ ဆက်ဖြစ်နေသူ ဦးဟင်နရီဗန်ထီးယူကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ဆောင်ရွက်ခဲ့တာလို့ သက်သေထွက်ဆိုခဲ့ပါတယ်။
ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စွပ်စွဲထောင်ချခံထားရတဲ့အမှုတွေထဲက အယူခံနဲ့ အထူးအယူခံ တက်ထားတဲ့ နောက်ထပ်အမှုတစ်ချို့ကိုလည်း လာမယ့်ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပဲ ဆက်လက်ကြားနာဖို့ ရှိနေပါတယ်။
အယူခံနဲ့ အထူးအယူခံတက်နေရတဲ့အမှုတွေနဲ့ ပတ်သက်လို့ ကာယံရှင်အမှုသည်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တာကြောင့် ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ လူချင်းတွေ့ဆုံခွင့် တောင်းထားပေမယ့် စစ်ကောင်စီဘက်က ခွင့်ပြုတာမျိုး မရှိသေးပါဘူး။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲထားတဲ့ အမှု ၁၉ ခုအတွက် နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်အဆောက်အအုံတစ်ခုမှာ ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပါတယ်။
အသက် ၇၁ နှစ်အရွယ် နိုင်ငံတော် သမ္မတ ဦးဝင်မြင့်ကတော့ စစ်ကောင်စီတပ်က စွပ်စွဲထားတဲ့ အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။