ဖွ့ဲစည်းပုံပြင်ရေး ဒေါ်အောင်ဆန်း စုကြည် ဆက်ကြိုးပမ်းမည်
မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝလက်လျှော့မှာမဟုတ်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
-
2015-02-03 -
-
-
မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝလက်လျှော့မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
ဗြိတိန်အခြေစိုက် Financial Times သတင်းစာ က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။
ဒါ့ပြင် သူ့အပေါ် ၂၀၀၈ အခြေခံဥပဒေနဲ့ တားမြစ် ကန့်သတ်ထားတဲ့ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လည်း လက်လျှော့မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။ အတုအယောင် ဒီမိုကရေစီဟာ တကယ့်ကို အန္တရာယ်ကြီးပါတယ်၊ အခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်အတွက် အသက်တမျှ အရေးကြီးပါတယ်၊ ဒါပေမဲ့ ဒီမိုကရေစီအစစ်အမှန်ပါလို့ ယုံကြည်ချင်သူတွေ၊ ယုံကြည်ဟန်ဆောင်သူတွေကလည်း မနည်းလှပါဘူး၊ သို့သော်လည်း အပြောင်းအလဲဟာ ဖြစ်ကိုဖြစ်မှာပါ၊ ဘယ်တော့ပြောင်းမှာလည်းဆိုတာ မပြောနိုင်ပေမဲ့၊ အခြေခံဥပဒေပါ ဒီမိုကရေစီမဆန်တဲ့ အချက်တွေဟာ ရေရှည်ခံမှာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ရှေ့ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့ပေမဲ့၊ ဒီ့ထက်ပိုပြီး ကျယ်ပြန့်ဖို့လိုတယ်လို့ သမ္မတက တုန့်ပြန်ခဲ့ပါတယ်။ အဲသလို အဖွဲ့ပေါင်းစုံ ဆွေးနွေး တာဟာ တစ်ယောက်တစ်ပေါက်နဲ့ အသွင်ကူးပြောင်းရေးကို ထိခိုက်သွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Financial Times သတင်းစာကို ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကိုဝေဖန်ရာမှာ တစ်ခါတရံ ပေါ်ပေါ်တင်တင် တည့်ထိုးကျလွန်းကြောင်း၊ ဒါမျိုးဟာ အနောက်တိုင်း နိုင်ငံရေးယဉ်ကျေးမှုမှာ အလုပ်ဖြစ်နိုင်ပေမဲ့၊ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုမှာတော့ လိုချင်တဲ့အကျိုးရလဒ် ရမှာမဟုတ်ပါဘူးလို့ ပြောဆိုကြောင်း Financial Times သတင်းစာက ဖေါ်ပြပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ခေါင်းဆောင်တွေရဲ့ အတိတ်ကလုပ်ရပ်တွေအပေါ် အာဃာတထားမှာ မဟုတ်ကြောင်း စစ်တပ်ကို ယုံကြည်စေချင်တယ်လို့ သတင်းစာကဆိုပါတယ်။ ကျမတို့ဟာ ကိုယ့်ကိုယ်ကိုယ် အတိတ်ကာလထဲမှာသာ ထာဝရ ချည်နှောင်ထားနိုင်ကြမှာမဟုတ်ပါဘူး၊ ရှေ့ကိုသွားကြရမှာပါ၊ အတိတ်ဟာ သင်္ခန်းစာယူစရာသာဖြစ်ပြီး၊ အချုပ်အနှောင်ခံဖို့ မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း Financial Times သတင်းစာက ဖေါ်ပြပါတယ်။