ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို မစစ်ဆေးဘဲ ရုံးချိန်းထပ်ရွှေ့

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေနဲ့ပတ်သက်လို့ ဇူလိုင်လ ၂၆ ရက်နေ့ ဒီနေ့ရုံးချိန်းမှာ စစ်ဆေးရမှာဖြစ်ပေမယ့် အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကို ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ဇန်နဝါရီ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ် Photo: AFP

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၂၆ ရက်နေ့ ဒီနေ့ ရုံးချိန်းမှာ စစ်ဆေးရမှာ ဖြစ်ပေမယ့် အမှုတွေကိုမစစ်ဆေးဖြစ်ဘဲ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကို ပြောပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အထူးတရားရုံးမှာ စစ်ဆေးနေရတဲ့ အမှုတွေအတွက် အရင်က ဇူလိုင် လ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေကို ချိန်းဆိုထားတဲ့အမှုတွေကို သြဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေကို ရွှေ့ဆိုင်း လိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဇူလိုင်လ ၁၇ ရက်ကနေ ဇူလိုင် ၂၅ ရက်နေ့ထိ ကိုးရက်ဆက်တိုက် ရုံးပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါတယ်။

အဲဒီ ရုံးပိတ်ရက်ရှည်ကို သြဂုတ်လ ၁ ရက်နေ့ထိ ထပ်မံသက်တမ်းတိုးခဲ့တာကြောင့် တရားရုံးတွေလည်း ပိတ်ထားရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ထပ်မံရွှေ့ဆိုင်း လိုက်ရတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် အမှုပေါင်း စုစုပေါင်းအမှု ၉ ခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။

ဒါကြောင့် အဲဒီအမှုတွေ အားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ကျော် ကျခံရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org