ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာ တစ်ပတ်နှစ်ကြိမ် ပြန်ပို့ခွင့်ရ

နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်တစ်ကြိမ်အဖြစ် ထောင်ဝင်စာ ကန့်သတ်ထားရာက ဒီနေ့ညနေပိုင်းမှာတော့ တစ်ပတ်ကို နှစ်ကြိမ် ပို့ခွင့်ပြန်ရပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်‌ဆန္ဒပြပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုနေကြသည့် ပညာရေးဝန်ထမ်းများ။ Photo: RFA

နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်တစ်ကြိမ်အဖြစ် ထောင်ဝင်စာ ကန့်သတ်ထားရာက ဒီနေ့ညနေပိုင်းမှာတော့ တစ်ပတ်ကို နှစ်ကြိမ် ပို့ခွင့်ပြန်ရပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီနေ့ ညနေပိုင်းမှာ RFA ကို ပြောပါတယ်။

မနေ့က ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာအတွက် တစ်ပတ်ကို တစ်ကြိမ်သာ ခွင့်ပြုတော့တဲ့အကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုခဲ့ကြပြီး ဒီနေ့ညနေမှာတော့ အရင်အတိုင်း ပြန်လည်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

အရင်က ရုံးချိန်းရက်နေ့တိုင်း အစားအသောက်တွေ ပို့ခွင့်ရပေမယ့် အင်းစိန်အကျဉ်းထောင် ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ပိုင်း စကန့်သတ်ခံခဲ့ရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ မနက်ပိုင်းမှာ ဖြေဆိုထားတာပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာကန့်သတ်ခံရတဲ့အကြောင်း RFA က ဒီနေ့ နေ့လယ်ပိုင်း သတင်းထုတ်လွှင့်ခဲ့ပြီးနောက် ညနေပိုင်းမှာပဲ အခုလို တစ်ပတ်နှစ်ကြိမ် ပြန်လည်ခွင့်ပြုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာကန့်သတ်တာ၊ ပြန်လည်ခွင့်ပြုတာစတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပြီးနောက် အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပစ္စည်းပေးခွင့်ကို စစ်ကောင်စီဘက်က ပိတ်ထားတယ်လို့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေနဲ့ ရှေ့နေတွေက ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရတာပါ။

နောက်ဆုံးကျန်နေတဲ့ အမှု ငါးမှုအတွက်လည်း နေပြည်တော်အချုပ်ထောင်တွင်းတရားရုံး မှာ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စစ်ဆေးနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org