မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့်ရေး တရုတ်အစိုးရကို ဆန္ဒပြ
ကချင်ပြည်နယ်မှာ တရုတ်အစိုးရက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဆန်ဖရန်စစ္စကိုမြို့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ စက်တင်ဘာလ ၁၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
-
2011-09-19 -
-
-
မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းရေးအတွက် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ မြန်မာ့အရေး လှုပ်ရှားနေသူများ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြရန် နှိုးဆော်လက်ကမ်းကြော်ငြာ။
RFA
မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီမြစ်ဆုံမှာ အလွန်ကြီးမားတဲ့ ရေလှောင်တမံတွေ တည်ဆောက်တာဟာ ဒေသခံပြည်သူတွေရဲ့ဘဝတွေ ကိုသာမက သဘာ၀ ပတ်ဝန်းကျင်နဲ့ မြစ်ရေ စီးဆင်းမှုကိုပါ ပျက်စီးစေမယ့် အခြေအနေ ရှိတာကြောင့် တရုတ် အစိုးရ အနေနဲ့ ဒီစီမံကိန်းကို
ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြနေကြောင်း ဦးဆောင်သူ တဦးဖြစ်တဲ့ မြန်မာ-အမေရိကန်အဖွဲ့က ဦးညွန့်သန်းက ပြောပါတယ်။
" အခုဆိုရင် တရုတ်ပြည်ဟာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်တယ်။ သူတို့ ပြည်သူတွေဟာ ကြီးပွား တိုးတက်နေတယ်။ ဒါပေမဲ့မြန်မာ ပြည်သူတွေကတော့ အာဏာရှင်အောက်မှာ ပြားပြားဝပ်နေရပြီး စားဖို့ သောက်ဖို့ အနိုင်နိုင် ဖြစ်နေချိန်မှာ အခုလို လုပ်ခြင်းဟာ နိုင်ငံကြီး တစ်နိုင်ငံ
ဖြစ်တဲ့ တရုတ်ပြည်ရဲ့ အစိုးရဟာ Immoral ပေါ့နော်၊ ရက်စက်ယုတ်မာတယ်လို့ပဲ ကျနော်တို့ ပြောချင် ပါတယ်၊ မြစ်ဆုံစီမံကိန်းကိုလည်း ချက်ချင်း ရပ်ဆိုင်းဖို့တောင်းဆိုပါတယ်။"
မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကြောင့် ဒေသခံ ကချင်လူထုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြတဲ့ အပြင် ပြည်တွင်းစစ်ကြောင့်လည်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာနေရတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ ကချင်အမျိုးသမီး ဒေါ်ဆာရာလှအောင်က ဆိုပါတယ်။
တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အရ မြစ်ဆုံဆည်က ထွက်မယ့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို နှစ်ပေါင်း ၃၀ အထိ တရုတ်အစိုးရကို ပေးရမှာ ဖြစ်ပါတယ်။