အရပ်ဘက်အဖွဲ့တွေက လူ့အခွင့် အရေးကော်မရှင်ကို အရေးယူပေး ဖို့ တောင်းဆို

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတကို အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ကျော်က ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က လှည်းတန်းစင်တာရှေ့မှာ စက်တင်ဘာလ ၂၄ ရက်နေ့က လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတကို အရပ်ဘက် အဖွဲ့အစည်း ၁၃၀ ကျော်က ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီလို တောင်းဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ အများစု ပါဝင်ကြပြီး နယ်စပ်ဒေသနဲ့ တိုင်းရင်းသားဒေသမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်တယ်လို့ တောင်း ဆိုရာမှာ ပါဝင်တဲ့ လူငယ်နဲ့ လူမှုသဟဇာတဖြစ်ရေးစင်တာက ကိုသက်ဆွေဝင်းက ပြောပါတယ်။

"သမ္မတရုံးကို ကျွန်တော်တို့ စုပေါင်းပြီးတော့ ဒီဟာကို action ယူပေးဖို့အတွက်ဆိုပြီး တောင်းဆိုတာ ရှိပါတယ်။ တော်တော်များများက လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေပါတယ်။ Equality Myanmar တို့ Burma Partnership တို့ နောက်ပြီးတော့ အမျိုးသား လူငယ် ကွန်ဂရက် တို့ Generation Wave တို့ အဖွဲ့အစည်းပေါင်း ၁၃၀ ကျော်ဆိုတော့ တော်တော်များများပါတယ်။ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေလည်း ပါတယ်။ တိုင်းရင်းသားဒေသမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေလည်းပါတယ်"

အရပ်ဘက် အဖွဲ့အစည်းတွေ အပြင် ပြည်သူ သုံးထောင်ကျော်ရဲ့ လက်မှတ်ကိုလည်း ကောက်ယူပြီး လူအခွင့် အရေးကော်မရှင် အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ တောင်းဆိုစာနဲ့အတူ အဲဒီကော်မရှင်ရုံးကို ပေးပို့တောင်းဆိုထား တယ်လို့လည်း ဦးသက်ဆွေဝင်းက ပြောပါတယ်။

အိမ်အကူ မိန်းကလေး နှစ်ယောက်ကို ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ ညှဉ်းပန်းနှိပ်စက် ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုရဲ့ လုပ်ရပ် ကို လျော်ကြေးငွေပေးပြီး ကျေအေး နိုင်အောင် ညှိနှိုင်းပေးခဲ့တဲ့အတွက် လူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူဖို့ အခုလို တောင်းဆိုကြတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် အချို့ကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရေး အဆိုကို မနေ့က အတည်ပြုထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org