စစ်ရဟတ်ယာဉ် ၁ စီး မနေ့က မြစ်ကြီးနားမြို့အနီးမှာ ပျက်ကျ
ကချင်ပြည်နယ် မြစ်ကြီးနား လေတပ် စခန်းဌာနချုပ်က ရဟတ်ယာဉ်တစ်စီး ဟာ ဇန်နဝါရီ ၁၁ ရက် မနေ့က ညနေ ၃နာရီခွဲလောက်မှာ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာရဲ့ အရှေ့ဘက် ၁၀မိုင်ခန့် အကွာမှာ ပျက်ကျခဲ့ပါတယ်။
- 2013-01-12
-
-
-
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး တာလောကြီးကျေးရွာ ရပ်မိရပ်ဖတစ်ဦး ကအခုလိုပြောပြပါတယ်။
"ခဂျာယန်လယ်ကွင်းမှာ လယ်လုပ်ရင်းနဲ့ကျွဲနွားသွားကြည့်ရင်းနဲ့ တွေ့ခဲ့တဲ့ ဦးစန်းသောင်းညွှန့်ဆိုတဲ့လူလာပြောတာက ရဟတ်ယာဉ်က ဟိုလို စက်ပျက်ပြီး ထိုးကျသွားတဲ့ ပုံစံမဟုတ်ဘူး။သူလာပြောတာက ရဟတ်ယာဉ်နှစ်စီးက လုံခြုံရေးရဲဘော်တွေလာချသွားတယ်ပေါ့လေ။ဒီလယ်ကွင်းတွေက လယ်လုပ်နေတဲ့ လယ်ကွင်းတွေတော့ မဟုတ်ဘူး။ခဂျာယန်လယ်ကွင်းနဲ့စိန်မှန်လယ်ကွင်းရဲ့ ကြားမှာပေါ့လေ။မနေ့က ရာသီဥတုလည်း မကောင်းဘူး။တော်တော်အေးတယ်။မိုးကောင်းကင်တစ်ခုလုံး မှောင်မည်းပြီး ခပ်ဝေးဝေးတောင် မမြင်ရဘူး"
ရဟတ်ယာဉ် ပျက်ကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အကြောင်း တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိကြောင်း တုန့်ပြန်ပြောဆိုပါတယ်။
နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ရဲ့ လူမှုရေး အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာ ပြောပြထားတာက အုပ်ချုပ်မှု ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့ တပ်မတော် ရဟတ်ယာဉ်တစ်စီးဟာ မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ရဲ့ တောင်ဘက် မိုင် ၂၀ ကျော်အကွာ တာလောကြီး ကျေးရွာနားမှာ စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရဟတ်ယာဉ် ဆင်းသက်တဲ့ နေရာကို အခြားရဟတ်ယာဉ်များနဲ့ တပ်မတော် တပ်ဖွဲ့များ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေသွားရောက် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။