စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ဖျောင်းဖျဖို့ အမေရိကန် အဖွဲ့အစည်း ၁၂ ခု တိုက်တွန်း
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်တဲ့အခါ မြန်မာ စစ်တပ်က Crime Against Humanity လူသားတွေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ရပ်တန့်အောင် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းဖို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၂ ဖွဲ့က ပူးတွဲ တောင်းဆိုလိုက် ပါတယ်။
-
2011-11-28 -
-
-
မြန်မာအစိုးရတပ်၏ လိုက်လံတိုက်ခိုက် သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ အဓမ္မပေါ်တာဆွဲ ခိုင်းစေခြင်း၊ ဖမ်းဆီးမုဒိမ်းကျင့်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက် ရက်စက်မှုများကြောင့် တောတောင်များတွင် ထွက်ပြေး ပုန်းရှောင်နေကြသည့် ကရင်ရွာသူရွာသားများ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
Photo: Courtesy of Free Burma Rangers
လာမယ့် နိုဝင်ဘာ ၃၀ မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တဲ့ အခါ အမေရိကန် အစိုးရနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ အချက်တွေကို ပြည့်မီတဲ့ အထိ သမ္မတ ဦးသိန်းစိန် အစိုးရက အကောင်အထည် ဖေါ်ဖို့ တိုက်တွန်းပေးပါလို့ ဒီအဖွဲ့တွေက တောင်းဆိုထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံတစ်ဝန်း အပစ်အခတ် ရပ်ဖို့၊ အစိုးရနဲ့ ဒေါ်အောင်စုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့၊ စစ်ဘေး ဒုက္ခသည်တွေဆီကို နိုင်ငံတကာက လူသားချင်း စာနာမှု အကူအညီတွေ ရောက်နိုင်ဖို့ ဆိုတဲ့အချက်တွေ ပြောပေးဖို့
တိုက်တွန်းထားကြောင်း ပါဝင် လက်မှတ် ရေးထိုးခဲ့တဲ့ US Campaign for Burma အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပြပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြုမူ လုပ်ဆောင်မှုတွေကို ပြောင်းလဲလာအောင် အခုထိ မလုပ်ဆောင်သေးဘူးလို့ ဒီအဖွဲ့တွေက ပေးပို့တဲ့စာမှာ ရေးထားပါတယ်။
တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာ စစ်တပ်က လူ့အခွင့်အရေးတွေ ဆက်လက် ချိုးဖောက်နေကြောင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ ရွာဖျက်မှု စတဲ့ အမှုတွေကို စစ်တပ်က ဆက်လက် ကျူးလွန်နေပြီး ပြည်တွင်း ဒုက္ခသည်တွေ အပါအဝင် စစ်ပြေး ဒုက္ခသည်တွေလည်း တိုးလာနေဆဲပဲလို့
ရေးထားပါတယ်။
ဒါ့အပြင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်တဲ့ အနေနဲ့ နိုင်ငံရေး လုပ်ရှားသူတွေကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခွင့် ပြုထားတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို ပယ်ဖျက်ပစ်ဖို့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီး နှိပ်စက်သူတွေ၊ သေဆုံးတဲ့ အထိ ညှဉ်းပန်း နှိပ်စက်သူတွေကို အရေးယူပေးဖို့၊ ဒါ့အပြင်
လွတ်လပ်စွာ ရေးသား ဖေါ်ပြခွင့် လွတ်လပ်စွာ စုဝေးခွင့်စတဲ့ အခွင့်အရေးတွေကို ရအောင် သမ္မတ ဦးသိန်းစိန် အနေနဲ့ လုပ်ဆောင်ပေးဖို့တိုက်တွန်းထားပါတယ်။
ဒီတောင်းဆိုချက်တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံ စာရေးသား ပေးပိုခဲ့တာ ဖြစ်ပြီး US Campaign for Burma အဖွဲ့နဲ့ အတူ Freedom House, Open Society Foundations စတဲ့အဖွဲ့တွေ ပါဝင်သလို Brooking Institution က နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ
တစ်ဦးလည်း ပါဝင် လက်မှတ် ရေးထိုးထား ပါတယ်။
ဒီအကြောင်း ဦးအောင်ဒင်နဲ့ အာရ်အက်ဖ်အေ ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |