သမ္မတရုံး ပိုးတွေ့လူနာနဲ့ ဆက်စပ်သူတွေမှာ ပိုးမတွေ့
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်တဲ့သူအားလုံးကိုလည်း စစ်ဆေးခဲ့ရာမှာ ပိုးမတွေ့ဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
-
2020-09-09 -
-
-
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရတဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ထမ်းတစ်ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ ယူဆရသူအားလုံးကို ရောဂါရှိ/မရှိ စစ်ဆေးခဲ့ရာမှာ အားလုံးမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၊ သမ္မတရုံး ဒုညွှန်ချုပ်နှစ်ဦး၊ ဓါတ်ပုံ သတင်းထောက်အပါအဝင် ပိုးတွေ့လူနာနဲ့ ဌာနတစ်ခုတည်းလုပ်တဲ့ ဝန်ထမ်း ၁၁ ဦးကို ပိုးတွေ့စစ်ဆေးခဲ့တာလို့ ဦးဇော်ဌေးက ဒီနေ့ညပိုင်းမှာ သမ္မတအိမ်တော် သတင်းထောက်အဖွဲ့ကို အသိပေးပြောခဲ့တာပါ။
ပိုးကူးစက်ခံရတဲ့သူဟာ လက်ထောက်ညွှန်ကြားရေမှူး အဆင့်ဖြစ်ပြီး အစိုးရအကြီးအကဲတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့သူ မဟုတ်ဘူးလို့လည်း ဦးဇော်ဌေးကပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်တဲ့သူအားလုံးကိုလည်း စစ်ဆေးခဲ့ရာမှာ ပိုးမတွေ့ဘူးလို့ဆိုပါတယ်။
နိုင်ငံတော် အကြီးအကဲ နှစ်ယောက်လုံးဟာ ကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိပြီး ရုံးလုပ်ငန်းတွေ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြည်သူတွေကိုအသိပေးပြောပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက်ပိုင်းထုတ်ပြန်တဲ့ ပိုးတွေ့လူနာတွေစာရင်းမှာ နိုင်ငံတော်သမ္မတရုံး ဝန်ထမ်းတစ်ဦးပါဝင်တာဖြစ်ပါတယ်။