ဦးထင်လင်းဦးအမှု တရားခံပြသက်သေတွေ စတင်စစ်ဆေး
ဘာသာ၊ သာသနာညှိုးနွမ်းစေမှုနဲ့ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦး အမှုအတွက် တရားခံပြသက်သေ ၃ဦးထဲက မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီနေ့ စတင် စစ်ဆေးခဲ့ပါတယ်။
-
2015-04-27 -
-
-
ဘာသာ၊ သာသနာညှိုးနွမ်းစေမှုနဲ့ မုံရွာအကျဉ်းထောင် မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦး အမှုအတွက် တရားခံပြသက်သေ ၃ဦးထဲက မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ကို ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီနေ့ စတင်စစ်ဆေး ခဲ့ပါတယ်။
ဦးထင်လင်းဦးရဲ့ ဟောပြောချက်တွေဟာ ဘာသာ၊ သာသနာကို စော်ကားတာမဟုတ်ကြောင်း မြဝတီမင်း ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန ္တအရိယဘိဝံသက တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ ဦးထင်လင်းဦးရဲ့ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
"ဆရာထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ ပတ်သက်ပြီးတော့ သူ့နေနဲ့ အယူအဆပေါ့နော် ဘုရားဟောတရားတော်တွေနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာ သက်သေတင်ပြတာ၊ ဆရာတော်ကြီးက သူ့အတွေ့အကြုံနဲ့ သူ့ရဟန်းဝါ၊ ရဟန်းသိက္ခာနဲ့ တင်ပြချက်တွေ နောက် လက်တွေ့ဘဝ ကျင့်သုံးမှုတွေအရ ဆရာထင်လင်းဦး ဟောပြောချက်တွေက သာသနာစော်ကားတယ်ဆိုတာ လုံးဝမဟုတ်ဘူး၊ သာသနာတော် သန့်ရှင်းရာသန့်ရှင်းကြောင်း ထောက်ပြတာ အဲ့ဒါကိုရဟန်းဆိုးတွေက စိတ်ဆိုးတာဖြစ်မယ်လို့ ဆရာတော်ကထွက်သွားတာ"
ကျန်တဲ့ တရားခံပြသက်သေ ၂ဦးဟာ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာက စာပေဟောပြောပွဲ စီစဉ်သူတစ်ဦးနဲ့ ဝက်မှေးကျေးရွာသားတစ်ဦးတို့ ဖြစ်ပါတယ်။
သူတို့ ၂ဦးကို လာမယ့် မေလ ၈ ရက်နေ့မှာ စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာကျင်းပတဲ့ စာပေဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအရာရှိဟောင်း စာရေးဆရာ ဦးထင်လင်းဦးက ဘာသာ၊ သာသနာ လူမျိုးရေး အယူဝါဒတွေအကြောင်း ဟောပြောခဲ့တာကြောင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဦးစီးမှူး ဦးထွန်းခိုင်က တရားလိုလုပ်ပြီး ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၈ ဘာသာ သာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
ဦးထင်လင်းဦးဟာ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၅လ နီးပါးရှိပြီဖြစ်ပါတယ်။