အာဏာသိမ်းကာလ စစ်ကောင်စီကို ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိလာ

အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ ဖမ်းဆီးခံရသူ ၁၆၉၁ ဦးအထိရှိလာပြီလို့ Data for Myanmar က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အသုံးပြုနေသည်ကို ၂ဝ၂၁ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ AFP

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ ဖမ်းဆီးခံရသူ ၁၆၉၁ ဦးအထိရှိလာပြီလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က စက်တင်ဘာ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

သုံးနှစ်ကျော်ကာလအတွင်း ရန်ကုန်နဲ့ မန္တလေးတိုင်းတို့ဟာ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ ဖမ်းဆီးခံရတာ အများဆုံးဖြစ်ပြီး အဲဒီဒေသနှစ်ခုမှာတင် ဖမ်းဆီးခံရသူ ၈၀၆ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ အရေအတွက် ၂၀၂ ဦးရှိထားကြောင်း Data for Myanmar က ဖော်ပြပါတယ်။

သုံးနှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသူအရေအတွက် စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ အဖမ်းခံရသူအများစုဟာ လူမှုကွန်ရက် စာမျက်နှာ Facebook မှာ ရေးသားလို့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ တခြား လူမှုကွန်ရက်ပလက်ဖောင်းတွေဖြစ်တဲ့ Tik Tok၊ Telegram နဲ့ Viber မှာ ရေးသားလို့ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်က ရေသားပြောဆိုမှုတွေကို စစ်ကောင်စီဘက်က စောင့်ကြည့်ပြီး အရေးယူတာရှိသလို စစ်ဆေးရေးဂိတ်တွေမှာ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးတာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပေးပို့တာနဲ့ ဖိအားပေး တိုက်တွန်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးအရေးယူခံရတဲ့အထဲမှာ နာမည်ကြီး အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေနဲ့ သတင်းသမားတွေလည်း ပါဝင်ပြီး အွန်လိုင်းပေါ်ကနေတစ်ဆင့်ဝေဖန်လို့ ဖမ်းဆီးအရေးယူမှုတွေကို နေ့စဉ်သတင်းစာတွေနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းမီဒီယာတွေကနေတစ်ဆင့် နေ့စဉ်နီးပါးဖော်ပြနေတယ်လို့ Data for Myanmar က ပြောပါတယ်။

စစ်ကောင်စီကတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့ Freedom on the Net – 2023 အစီအရင်ခံစာအရ မြန်မာဟာ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ဒုတိယ အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org