ရှမ်းကိုယ်စားလှယ်လောင်းနှစ်ဦး အမှု ရွေးကောက်ပွဲကော်မရှင် စတင်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်း သားရေးရာဝန်ကြီးနေရာမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား လှယ်လောင်း ဒေါက်တာစိုင်းနော်ခေးက ကန့်ကွက်ထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုင်းနော်ခေးက ကန့်ကွက်ထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ စစ်ဆေး ခဲ့ပါတယ်။

အနိုင်ရကိုယ်စားလှယ် ဦးစိုင်းကျော်ဇောဟာ ရှမ်းတိုင်းရင်းသား မဟုတ်တာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးစိုင်းလိတ်က ပြောပါတယ်။

"သူ့မှတ်ပုံတင်မှာ ဗမာလူမျိုးဖြစ်နေတယ်၊ သူ့အဖေမိဘနှစ်ပါးရယ် အဘိုးဘွားနှစ်ဘက်စလုံးက ဗမာလူမျိုးလို့ရေး ထားပါတယ်၊ သူမို့လို့တိုင်တာလည်း မဟုတ်ဘူး၊ NLD မို့လို့ တိုင်တာလည်း မဟုတ်ဘူး၊ ဥပဒေကြောင်းအရ အငြင်းပွားစရာဖြစ်နေလို့ တိုင်တာပါ၊ တိုင်းရင်းသားရေးရာဝန်ကြီးကို မဲထည့်တဲ့အခါကျတော့ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတွေပဲ ထည့်ရပါမယ်၊ ရှမ်းလူမျိုးမှထည့်ရမှာပဲပေါ့နော်၊ မဲပေးပိုင်ခွင့်မရှိတဲ့ လူတစ်ယောက်က ယှဉ်ပြိုင်အရွေးခံခွင့်ရှိတယ်ဆိုတာ ဥပဒေကြောင်းအရေ အငြင်းပွားစရာဖြစ်နေတယ်၊ ၂ဝဝ၈ ဥပဒေရဲ့ ချို့ယွင်းချက်ကို ထောက်ပြတဲ့သဘောပါ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောက ဒီနေ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ထုချေလွှာတင်ခဲ့ပြီး အဲဒီအမှုကို လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဦးစိုင်းကျော်ဇောဟာ ရှမ်းလူမျိုး မဟုတ်တာကြောင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ ဝင်ရောက်ရွေးချယ်ခံ ပိုင်ခွင့်မရှိကြောင်း ရွေးကောက်ပွဲမတိုင်ခင်မှာ SNLD ပါတီက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်ခဲ့ရာ တိုင်းကော်မရှင်က ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခဲ့တာကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ခွင့်ပြုပေးခဲ့တာလို့ သိရပါတယ်။

ဦးစိုင်းကျော်ဇောက သူဟာ ရှမ်းလူမျိုးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကျမ်းသစ္စာကျိန် ဆိုခဲ့တဲ့အတွက် ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့တာလို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောက မဲရလဒ် တစ်သောင်းကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး SNLD ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းနော်ခေးက မဲရလဒ် ခြောက်ထောင်ကျော်နဲ့ ဒုတိယမဲအများဆုံးရခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org