စီးပွားရေးဦးမော့လာအောင် အစိုးရ ဆောင်ရွက်နေကြောင်း စီးပွားရေးဝန်ကြီးပြော

ဦးသိန်းစိန် အစိုးရအနေနဲ့ လယ်သမားတွေ၊ အခြေခံ လူတန်းစားတွေရဲ့ ဘဝတိုးတက်ရေး လုပ်ငန်းတွေကို မူဝါဒ ချမှတ်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြည်ထောင်စု စီးပွားရေးဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သည့် အိန္ဒိယ-မြန်မာ ပူးတွဲ ကုန်သွယ်ရေးကော်မရှင် လေးကြိမ်မြောက် အစည်းအဝေးတွင် အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Sri Anand Sharma နှင့် မြန်မာအစိုးရ စီးပွားရေးဝန်ကြီး ဦးဝင်းမြင့် (ယာ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ်။ AFP PHOTO/RAVEENDRAN

မြန်မာနိုင်ငံ စီးပွားရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA က သီးသန့် ဆက်သွယ်မေးမြန်းရာမှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အခြေခံ လူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးတွေ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ လယ်သမားတွေအတွက် Guaranteed Price ပေးဖို့တွေ ဆောင်ရွက်နေပါပြီ။ တဘက်ကလည်း လယ်သမားတွေအတွက် မျိုးတွေ၊ ချေးငွေတွေ၊ နည်းပညာတွေ ဆောင်ရွက်ပေးနေပါတယ်။ အဓိကကတော့ ကျနော်တို့ရဲ့ အခြေခံ လယ်သမားလူတန်းစားတွေ ၇ဝ ရာခိုင်နှုန်းလောက် ရှိတဲ့အတွက်ကြောင့်၊ ဒီ့အတွက်လည်းပဲ လယ်သမားတွေအတွက် ကျနော်တို့ ငွေချေးပေးတဲ့အတွက်ကြောင့် အခြေအနေတွေ ဘာပဲပြောပြောလေ ကောင်းလာမယ့် အနေအထား ရှိပါတယ်”

ဒါ့ပြင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃ ထောင့် ၆ ရာ ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ချက်တခု ဖြစ်ကြောင်း၊ လောလောဆယ်မှာ အနောက်နိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်တစား ဆွေးနွေးပြောဆိုမှုတွေ ရှိနေကြောင်း ဦးဝင်းမြင့်က ပြောပါတယ်။

သြစတြေးလျနိုင်ငံ အခြေစိုက် မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာမျိုးညွန့်ကတော့ ဦးသိန်းစိန် အစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ယခင် စစ်အစိုးရ အဆက်ဆက် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို အလေးထား တိုက်ဖျက်ဖို့ လိုအပ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“အခု ဒီ ၆ လ အတောအတွင်းမှာ နိုင်ငံတော်အစိုးရ အနေနဲ့ ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ တဖြည်းဖြည်း ပြောင်းလဲမှုပေါ့၊ ပြင်ပ တခြားနိုင်ငံတွေနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာဟာ တိုင်းပြည်ရဲ့ အခြေအနေက အနှစ် ၂ဝ အနှစ် ၃ဝ မှာ စီးပွားရေးအနေနဲ့ မလုပ်ခဲ့တဲ့ အကြွင်းအကျန် residual effect တွေပေါ့။ အရင့်အရင်က ပြဿနာတွေဟာ တစ္ဆေလိုပေါ့၊ အရိပ်လို လိုက်နေတယ်လို့ မြင်ပါတယ်”

စီးပွားရေးပညာရှင် ဒေါက်တာ ဦးမျိုးညွန့် ပြောသွားတာပါ။ မြန်မာအစိုးရ စီးပွားရေးဝန်ကြီးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org