လိုင်ဇာမြို့အနီး တရုတ်နယ်စပ်ဂိတ် သွားလာခွင့် တရုတ်အာဏာပိုင်တွေ ပိတ်ပင်
မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် တရုတ်ပြည် ယင်ကျန်းမြို့နဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ဆက်သွယ်တဲ့လမ်းကို တရုတ်အာဏာပိုင်တွေက မနေ့ကစပြီး သွားလာခွင့်ပိတ်လိုက်တယ်လို့ သိရပါတယ်။
-
2013-01-18 -
-
-
အဲဒီလမ်းဟာ မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံအတွင်း ဈေးဝယ်တာ၊ အလုပ်သွားလုပ်တာ စသဖြင့် လိုင်ဇာနဲ့ ယင်ကျန်းမြို့ကို နေ့စဉ်အသွားအပြန်လုပ်နေတဲ့လမ်းဖြစ်ပါတယ်။ မနေ့ကတော့ မြန်မာနိုင်ငံသားတွေကို တရုတ်နယ်ခြားစောင့်တပ်က သွားလာခွင့်ပိတ်လိုက်တဲ့အကြောင်း ကိုယ်တိုင်တွေ့ကြုံပြီး ပြန်လာတဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
"သူတို့ရဲ့ နယ်ခြားစောင့်စခန်းရှိတယ်၊ အဲနားမှာသူတို့က ကားတွေအကုန်ရပ်ပြီးမှ စာအုပ်တွေအကုန်လုံးစစ်တာ၊ လိုင်ဇာဘက်က ပြန်ထွက်လာတဲ့သူတွေကို အဝင်အထွက်တစ်ခါတည်း ရိုက်ပေးလိုက်ပြီးမှ သူတို့ကို တစ်ခါတည်း ယင်ကျန်းဘက်ကို မသွားခိုင်းဘူး၊ လိုင်ဇာကိုပဲ ပြန်ခိုင်းတယ်၊ အဲလိုပဲ ဒီဘက်ကလူတွေလည်း အဲဘက်ကိုမသွားခိုင်းဘူး၊ အသွားအလာမလုပ်ခိုင်းဘူး ကုန်တွေတော့ ဖြတ်သန်းခိုင်းတယ်၊ မူဆယ်တို့ ဘက်ကလာတဲ့လူတွေလည်း ပြန်လှည့်၊ တရုတ်နိုင်ငံသားဆိုရင်တော့ မှတ်ပုံတင်ပါရင်သွားလို့ရတယ်၊ မပါရင် ပြန်လှည့်ခိုင်းတယ်"
အဲဒီလမ်းကို ဘယ်လောက်ကြာကြာ ပိတ်ထားမယ်ဆိုတာတာ့ အတိအကျမသိရသေးပေမဲ့ မြန်မာနိုင်ငံအတွင်းက တိုက်ပွဲတွေရပ်မှ ပြန်ဖွင့်ဖို့များမယ်လို့ ကြားသိရကြောင်းလည်း ပြောပါတယ်။
ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ တရုတ်ပြည်ဘက်က နားပန်ဆိုတဲ့ မြို့ဟာ ချောင်းငယ်လေးတစ်ခုသာခြားတဲ့ နှစ်နိုင်ငံနယ်စပ်နေရာဖြစ်ပါတယ်။ အစိုးရနဲ့ ကေအိုင်အိုတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကတည်းက အဲဒီနယ်စပ်မြို့နှစ်မြို့ မစည်ကားတော့သလို အခုနောက်ပိုင်း ကေအိုင်အို ဌာနချုပ်အနီး တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ ကူးသန်းရောင်းဝယ်မှုအခြေအနေ ပိုပြီးဆိုးရွားလာခဲ့ပါတယ်။