အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ သွားမည်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း တိုးတက်မှု အရိပ်အယောင် တချို့ မြင်တွေ့လာရပေမဲ့ မြန်မာ အစိုးရ အနေနဲ့ အပြောင်းအလဲတွေကို အခုထက် ပိုပြီး ထင်သာမြင်သာအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ဒီကနေ့ ပြောဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်သည့် အာရှ ထိပ်သီး ဆွေးနွေးပွဲတွင် သမ္မတ အိုဘားမားက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က မိန့်ခွန်း ပြောဆိုနေစဉ်။ AFP

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်တဲ့ အာရှ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သမ္မတ အိုဘားမားက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်း ပြောဆိုခဲ့တာပါ။ မနေ့က ဘာလီကျွန်းကို အလာ သူရဲ့အထူး လေယာဉ်ပေါ်ကနေ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် အဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ ပါဝင် ဆောင်ရွက်မှုကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။ မကြာခင်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

"မစ္စစ် ကလင်တန်ရဲ့ ခရီးစဉ်ဟာ နှစ် ၅ဝ ကျော် အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး ပထမဆုံး အကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေး အတွက် ပါဝင် ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိမရှိ သွားရောက် လေ့လာမှာ ဖြစ်ပါတယ်" လို့ အမေရိကန် သမ္မတက ပြောသွားပါတယ်။

တကယ်လို့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ကနေ သွေဖီလာရင်တော့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ဆက်ပြီး ရင်ဆိုင်ရလိမ့်မယ် လို့လည်း အမေရိကန် သမ္မတက မြန်မာ အစိုးရကို သတိပေး ပြောဆိုလိုက်ပါတယ်။

မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်းထားတဲ့ ကိစ္စ၊ တိုင်းရင်းသား လူမျိုးစုတွေ အပေါ် ပြုမူ ဆက်ဆံနေပုံ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး စတာတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ဖြစ်နေတုန်းပဲ လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ လာမဲ့ ဒီဇင်ဘာလ ၁ ရက်မှာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် အဖြစ် သွားရောက်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org