နိုဝင်ဘာလအတွင်း အရပ်သား သုံးရာနီးပါး သေဆုံးခဲ့ကြောင်း ဥာဏ်လင်းသစ်အဖွဲ့ထုတ်ပြန်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သား အယောက် ၁၁၀၊ ဒဏ်ရာရသူ ၂၅၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တောင်ငူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကောင်စီအပါအဝင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမည်မသိအဖွဲ့အစည်းတွေက အရပ်သားတွေကို တိုက်ခိုက်ခဲ့တာကြောင့် နိုဝင်ဘာလအတွင်း သေဆုံးသူ အရပ်သား အနည်းဆုံး ၂၇၅ ဦး ရှိခဲ့ကြောင်း လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဥာဏ်လင်းသစ်အဖွဲ့က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူကလည်း အနည်းဆုံး ၄၅၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အများစုက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အရပ်သား သေဆုံးသူ အယောက် ၁၁၀ ရှိခဲ့သလို ဒဏ်ရာရသူ ၂၅၉ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒုတိယ သေဆုံးမှု အများဆုံးက စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်တာကြောင့်ဖြစ်ပြီး သေဆုံးသူ ၄၃ ဦးနဲ့ ဒဏ်ရာရသူ ၅၈ ဦး ရှိတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တစ်ဦးသေဆုံးခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့က သေနတ်နဲ့ ပစ်ခဲ့တာလို့ ဥာဏ်လင်းသစ်အဖွဲ့က ပြောထားပါတယ်။

တိုက်ပွဲတွေအတွင်းမှာလည်း အရပ်သား ၇၁ ဦး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူကလည်း ၁၂၇ ဦး ရှိခဲ့ကြောင်း ပြောပါထားတယ်။

ဥာဏ်လင်းသစ်အဖွဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဒါ့အပြင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က အရပ်သား တစ်ထောင့်ငါးရာကျော် (၁၅၁၉ ဦး)ကို ဖမ်းဆီးခဲ့သလို တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း အရပ်သား ၇၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားခြောက်ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org