ခရစ်ယာန်ဘာသာဝင်တွေ ပိုတိုက်ခိုက်ခံရမှာကို စိုးရိမ်
မကြာခင်က စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ဒေသတွေကို စစ်ကောင်စီက ပိုမိုတိုက်ခိုက်လာမှာကို ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတယ်လို့ UCA သတင်းက ဆိုပါတယ်။
-
RFA Burmese
2023-02-09 -
-
-
၃၇ မြို့နယ်ကို မကြာခင်က စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ ဒေသတွေကို စစ်ကောင်စီက ပိုမိုတိုက်ခိုက်လာမှာကို ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတယ်လို့ UCA သတင်းက မနေ့က ဖော်ပြပါတယ်။
အရေးပေါ်ကာလ သက်တမ်းခြောက်လ ထပ်တိုးပြီးတဲ့နောက် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းတွေနဲ့ ချင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေက မြို့နယ်တွေကို စစ်ကောင်စီက ဒီလ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။
ဒီအမိန့်အရ ည ၆ နာရီက မနက် ၆ နာရီထိ အိမ်ပြင်ထွက်ခွင့်မရှိတဲ့အပြင် လူငါးယောက်ထက် ပိုမစုဝေးရပါဘူး။
ဒီစစ်အုပ်ချုပ်ရေးအမိန့်ကို အကောင်အထည်ဖော်ဖို့ ခရစ်ယာန်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ရွာတွေကို ပိုမိုတိုက်ခိုက်ဖို့ ဒီအမိန့်က လမ်းခင်းပေးနိုင်တယ်လို့ မန္တလေးမြို့က ဘုန်းတော်ကြီးတစ်ပါးက UCA သတင်းကို ဒီလ ၈ ရက်က မိန့်ပါတယ်။
ချင်းပြည်နယ်အနောက်ပိုင်းက ၇ မြို့နယ်နဲ့ ကယားပြည်နယ် အရှေ့ပိုင်းက ၄ မြို့နယ်မှာ ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်ကြတဲ့အပြင် ဒေသခံတိုင်းရင်းသားတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။