မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများကို တရုတ်အစိုးရသတိပေးထား

မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းကုမ္ပဏီတွေနဲ့ တရုတ် နိုင်ငံ သားတွေကို မြန်မာပြည်တွင်းက ဥပဒေနဲ့ စည်းကမ်းတွေလိုက်နာဖို့ တရုတ်အစိုးရက အမြဲတိုက်တွန်း နေကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောကြားပါတယ်။

မန္ဈလေးမြို့ရှိ တရုတ်ကုန်တိုက် အသစ်ကြီး သုံးခုအနက်မှ တခု ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman) (Photo: RFA / Tyler Chapman)
မနေ့က ထုတ်ပြန်တဲ့ တရုတ်အစိုးရ ပြောခွင့်ရသူရဲ့ သတင်းစာရှင်းလင်းပွဲမှတ်တမ်းမှာ မြန်မာနိုင်ငံထဲက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်ထဲက ဒေသခံပြည်သူတွေကို အကျိုးခံစားခွင့် မပေးသလို တဖက်မှာလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိခိုက်စေတယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး သတင်း ထောက်တွေက မေးမြန်းတာကို တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကျန်းယုက အခုလို တုံ့ပြန် ပြောတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရအနေနဲ့ အရည်ချင်းပြည့်မီတဲ့ တရုတ်လုပ်ငန်းတွေကို ၂ နိုင်ငံပြည်သူတွေ အကျိုးဖြစ်ထွန်းစေဖို့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတာကို အားပေးကြောင်း၊ တချိန်တည်းမှာလည်း လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ မြန်မာပြည်က ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး ဒေသခံပြည်သူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်လုပ်ငန်းလုပ်ဖို့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို ဦးစားပေးဖို့ အမြဲ သတိပေးထားကြောင်း ကျန်းယုက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဒေသအတော်များများမှာ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်တာကအစ ရေအားလျှပ်စစ်၊ ကျောက်မျက်ရတနာစတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေပြီး ဒေသခံ ပြည်သူတွေအပေါ် ထိခိုက်နစ်နာတဲ့ ဖြစ်ရပ်တွေ ရှိနေကြောင်း သတင်းမီဒီယာတွေမှာ မကြာခဏ ဝေဖန်ခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org