တရုတ်ရေကာတာများကြောင့် ကမ္ဘာတလွှားမှာ ဆိုးဝါးသည့် ပဋိပက္ခ္ခဖြစ်ပေါ်
တရုတ်နိုင်ငံဟာ မြန်မာအပါအဝင် ဒေသတိုင်းမှာ အငြင်းပွားရတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ စီမံကိန်းတွေကို ကမ္ဘာတလွှားမှာ တည်ဆောက်ဖို့ စီမံကိန်းချ ဆောင်ရွက်နေတာဟာ ရေရှည်မှာ ဒေသတွင်း ပြည်သူလူထုရဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ၊ အကြမ်းဖက် ဆန့်ကျင်လာနိုင်တဲ့ အန္တရာယ်တွေကို ဖိတ်ခေါ်ရာ ရောက်နေကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာမြစ်ချောင်းများအဖွဲ့ (International Rivers) အဖွဲ့က ပြောကြားလိုက်ပါတယ်။
-
2011-04-21 -
-
-
ချင်းတွင်းမြစ်ပေါ်တွင် တရုတ်နှင့် မြန်မာစစ်အစိုးရတို့ ဖက်စပ်၍ ထမံသီ ရေကာတာ ဆောက်လုပ်ခြင်းကို ကူကီး တိုင်းရင်းသားများက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀ဝ၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ဆန့်ကျင် ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
တရုတ် လုပ်ငန်းရှင်တွေနဲ့ တရုတ်ဘဏ်တွေဟာ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထားတွေကို ဥပေက္ခာပြုပြီး ဆည်နဲ့ ရေကာတာလုပ်ငန်းတွေမှာ ဝင်ရောက် အားပေး ပါဝင်နေကြောင်း၊ ဒီစီမံကိန်းတွေမှာ လူအများအကြား ပွင့်လင်းမှုနဲ့ တာဝန်သိမှု လိုအပ်တာကို သိပေမဲ့ ကိစ္စ အတော်များများမှာ လိုက်နာ ကျင့်ကြံတာ မရှိတာ တွေ့ရကြောင်းလည်း အဖွဲ့ရဲ့ ပြောခွင့်ရသူ Peter Bosshard က တရုတ်နိုင်ငံ ဘီဂျင်းမြို့ နိုင်ငံခြား သတင်းထောက်အသင်းမှာ ဧပြီ ၂၀ ရက် မနေ့က ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် တရုတ်ကုမ္ပဏီတွေဟာ ရေကာတာ ဆောက်လုပ်ရေးတွေကို လုပ်ဆောင်နေပြီး ဒေသခံပြည်သူတွေအကြား စိတ်ဝမ်းကွဲစေတဲ့ စီမံကိန်းတွေမှာ ငွေကြေးအကုန်ကျခံ ရင်းနှီးမြှုပ်နှံ နေကြောင်း၊ ဒီဒေသတွေမှာ မြန်မာစစ်တပ်က လယ်ယာမြေသိမ်းယူတာ၊ ကျေးရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းတာတွေလည်း ရှိကြောင်း၊ ဒီလို အတင်းအကျပ်လုပ်တဲ့အတွက် ဒေသခံတွေအနေနဲ့ တရုတ် အကူအညီနဲ့ စစ်တပ်က တဆင့်ကဲ အာဏာပြလာတယ်လို့ ခံစားလာရတဲ့ အတွက် ဆိုးဝါးတဲ့ ပဋိပက္ခတွေ ဖြစ်လာစေကြောင်းလည်း အဖွဲ့ရဲ့ ပြောခွင့်ရသူ Mr Bosshard က ပြောကြားပါတယ်။