တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

လာမယ့် ၂ဝ၂၅ ခုနှစ် ပြက္ခဒိန်ထဲမှာ တရုတ်နှစ်သစ်ကူးနေ့ကို တရားဝင်ထည့်သွင်းမယ်လို့လည်း စစ်ကောင်စီကပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား တက်ရောက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာရှန်ဟိုင်း။ Photo: Myanmar Military

တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၈ ရက် ဒီကနေ့ ကြေညာပါတယ်။

အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးရေးကို ပိုခိုင်မာချင်တဲ့အတွက် အခုလိုသတ်မှတ်လိုက်တာလို့ ဒီကနေ့ မြဝတီသတင်းကနေ ကြေညာပါတယ်။

ဒီလိုသတ်မှတ်ဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာရှန်ဟိုင်းတို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆွေးနွေးတိုင်ပင်ခဲ့ကြတာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒီနေ့ထုတ်ပြန်ပါတယ်။

လာမယ့် ၂ဝ၂၅ ခုနှစ် ပြက္ခဒိန်ထဲမှာ တရုတ်နှစ်သစ်ကူးနေ့ကို တရားဝင်ထည့်သွင်းမယ်လို့လည်း စစ်ကောင်စီကပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် တရုတ်နဲ့ ရုရှားဟာ စစ်ကောင်စီရဲ့ မဟာမိတ်တွေအဖြစ် ဆက်ရှိနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေပါတယ်။

တရုတ်ထိပ်တန်းအရာရှိတွေဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဖို့ မြန်မာနိုင်ငံထဲ မကြာခဏလာရောက်နေသလို၊ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းမှာ သမ္မတဟောင်းဦးသိန်းစိန် တရုတ်နိုင်ငံသွားရောက်ခဲ့ပြီး လက်ရှိမှာလည်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တရုတ်နိုင်ငံရောက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org