တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး မဲဆောက်နဲ့ မြဝတီ ရောက်နေ

တရုတ် ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဒီနေ့ရောက်နေပြီး မြဝတီမြို့ဘက်ကို သွားရောက်လေ့လာခဲ့ပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၂) တံတားသို့ ရောက်လာသည်ကို တွေ့ရစဉ်။ Citizen Photo

Updated 7:35 PM, Feb 16, 2025

တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာရောက်နေပြီး မြဝတီမြို့ဘက်ကို သွားရောက်လေ့လာခဲ့ပါတယ်။

မြန်မာဘက်က ငွေလိမ်ဂိုဏ်းမှာ အလုပ်စေခိုင်းခံနေရတဲ့ တရုတ်နိုင်ငံသားတွေကို လက်ခံလွှဲပြောင်းယူဖို့ လာကြည့်တာလို့ ကရင်နယ်ခြားစောင့်တပ်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

“တရုတ် ကျားဖြန့်နှိမ်နှင်းရေးအဖွဲ့ ဒုဝန်ကြီး မဲဆောက်ကနေ မြဝတီတံတား (၁) နဲ့ (၂) ဘက်ကို သွားတယ်။ စကစနဲ့ သွားတွေ့တယ်။ ညနေ ၃ နာရီ ၄၅ မိနစ်မှာ တံတား (၁) ကနေ မဲဆောက်ကို ပြန်ဝင်လာတယ်။ တရုတ် ကျားဖြန့်လူတွေကတော့ မနက်ဖြန် တံတား (၂) ကနေ ထိုင်းကို ပြန်လွှဲမယ်”

တရုတ်နိုင်ငံက အလိုရှိသူတွေ အပါအဝင် နိုင်ငံခြားသား အယောက်ခုနစ်ရာခန့်ကို ဖေဖော်ဝါရီ ၁၇ ရက် မနက်ဖြန်မှာ မြဝတီ ကုန်သွယ်ရေးတံတားအမှတ် (၂) ကနေတစ်ဆင့် တရုတ် လက်ထောက်ဝန်ကြီးနဲ့ ထိုင်းအာဏာပိုင်တွေကို စစ်ကောင်စီ တာဝန်ရှိသူတွေက လွှဲအပ်မယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းအရင်းအမြစ်က ပြောပါတယ်။

“စိစစ်ပြီး ပြန်လွှတ်တဲ့လူပဲ ရှိသေးတာပေါ့။ ခုနစ်ရာကတော့ မနက်ဖြန် အဲဒီနိုင်ငံခြားရေးဒုဝန်ကြီး တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး လာတဲ့အခါကျရင်တော့ ထပ်အပ်မဲ့လူတွေ ရှိသေးတယ်။ တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးကိုတော့ အကောင်အထည်ပြပြီး အပ်မှာပေါ့။ အဲဒီ တရုတ်နိုင်ငံကနေ ထိုင်းကိုပို့ထားတဲ့ လူဦးရေစာရင်းက ၃၅,၀၀၀ တောင် ရှိတယ်လို့ပြောတယ်။ သူတို့ တောင်းဆိုထားတဲ့ လူအရေအတွက်ဆိုတော့ အချက်အလက် အတိအကျနဲ့ တောင်းတယ်လို့တော့ ထင်တာပဲ။ အဲဒီစာရင်းတွေထဲက ပါတဲ့သူတွေ ပါမှာပေါ့”

ပြန်ပို့မဲ့သူတွေအထဲမှာ ငွေလိမ်လုပ်ငန်းပိုင်ရှင်တွေနဲ့ လူကုန်ကူးသူတွေ ပါ မပါကိုတော့ BGF တာဝန်ရှိသူတွေက ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁၄ ရက်က ရွှေကုက္ကိုမြို့သစ် ရထိုက်ကုမ္ပဏီလက်အောက်ခံ တရုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေကို BGF လူမှောင်ခိုတိုက်ဖျက်ရေး အထူးအဖွဲ့က ရှာဖွေစိစစ်ပြီး မြဝတီမြို့က စစ်ကောင်စီ တာဝန်ရှိသူတွေကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ပြန်အပ်ဖို့ စီစဥ်နေတာလို့ ကရင်နယ်ခြားစောင့်တပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကလည်း ပြောပါတယ်။

“၁၄ ရက်က ရွှေကုက္ကိုက ဗိုလ်မှူးကြီး မောင်ဝင်းအဖွဲ့တွေ ကျားဖြန့်(ငွေလိမ်လုပ်ငန်း) တွေ ဝင်ဖမ်းတယ်လေ။ အဲဒီက လူနှစ်ထောင်လောက် စုမိထားတယ်။ စစ်ပြီးတဲ့သူတွေကို မနေ့ကစပြီး မြဝတီက ဘောလုံးကွင်းနဲ့ မိုးလုံ လေလုံ အားကစားရုံကို တရုတ်တွေ ကုက္ကိုကနေ သယ်ပို့လာတယ်။ လဝက၊ စရဖ၊ SB ၊ ထွေ/အုပ် စစ်ချက်ယူ‌နေတယ်။ လူကများတော့ အခုမနက်မှာ တံတား (၂) ဘက်ကို လူခွဲပို့ပြီး စစ်နေတယ်။ ထိုင်းနဲ့ (TBC) နယ်ခြားကော်မတီ အစည်းအဝေးမှာ သဘောတူတာ တစ်နေ့ လူငါးရာလွှဲတာ လက်ခံမယ်ပေါ့နော်။ အခု စစ်ဆေးပြီးတာနဲ့ မနက်ဖြန် ‌‌၁၇ ရက်မှာ လူငါးရာမဟုတ်ရင် ခုနှစ်ရာလောက်အထိ ထိုင်းကိုလွှဲမယ်လို့ သိရတယ်ပေါ့ဗျာ”

အခုလို စီစဥ်နေတာနဲ့ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံခြားသားတွေ ထိုင်းဘက်ကို ပြန်လွှဲဖို့ကိစ္စမှာ စစ်ကောင်စီဘက်က ခလရ ၂၇၅ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဟန်ဦးနဲ့ ဌာနဆိုင်ရာတွေ ကြီးကြပ်ကွပ်ကဲနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း နေပြည်တော်ကိုသွားခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နယ်စပ် ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေးနဲ့ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org