ဓာတ်ငွေ့ပိုက်လိုင်းမြန်ဆန်ရေးအတွက် တရုတ်က ဆေးရုံများဆောက်ပေးဦးမည်
မြန်မာ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်က ပိုက်လိုင်းကတဆင့် ရယူဖို့ စီစဉ် နေရာမှာ မိုင်ငါးရာ ကျော် ရှည်လျားတဲ့ ပိုက်လိုင်း သွယ်တန်းရေး လုပ်ငန်း မြန်ဆန်အောင် အားပေးတဲ့အနေနဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC က မြန်မာပြည်အတွက် ဆေးရုံတွေ ဆောက်လုပ်ဖို့ ဒေါ်လာ ၆ သန်း ကူညီမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
-
2011-04-08 -
-
-
မကြာခင်က တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်တယောက် ဖြစ်တဲ့ မစ္စတာ ကျာချင့်လင် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း CNPC က အခုလို ကမ်းလှမ်းခဲ့တာပါ။
တရုတ်ပြည်ဟာ မြန်မာ့ ရေနံနဲ့ ဓာတ်ငွေ့ရရှိရေးအတွက် အိန္ဒိယနဲ့ ပြိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ လစ်ဗျားအရေးကြောင့် ရေနံဈေးကွက် မရေမရာဖြစ်နေချိန်မှာ တရုတ်ပြည်ဟာ မြန်မာ့ရေနံလုပ်ငန်းနဲ့ ဆက်ဆံရေး ပိုပြီးကျယ်ပြန့်အောင် လုပ်ဆောင်နေပါတယ်။
ဒီအတွင်း တရုတ်ရေနံကုမ္ပဏီကြီး နောက်တခုဖြစ်တဲ့ ပက်ထရို ချိုင်းနား ကုမ္ပဏီကလည်း မြန်မာ့ဓာတ်ငွေ့ ပိုမို ရယူဖို့ အစီအစဉ်နဲ့ မြန်မာနယ်စပ် ရှင်ကျင်းပြည်နယ် ဟူတူဘီ မြို့မှာ ဓာတ်ငွေ့ကုဗမီတာ လေးဘီလျံ သိုလှောင်နိုင်တဲ့ အဆောက်အဦကြီးတခု တည်ဆောက်နေပါတယ်။
မစ္စတာ ကျာချင့်လင်ဟာ မြန်မာအစိုးရသစ်ပေါ်ပေါက်လာအပြီး ပထမဆုံး လာရောက်တဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာအစိုးရသစ်အပေါ် တရုတ်ပြည်က ဆက်လက် ထောက်ခံ အားပေးနေမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။
တရုတ်သမတ ဟူကျင်းတောင်ကလည်း မြန်မာအစိုးရသစ်အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး မြန်မာအစိုးရကို ဝေဖန်နေတဲ့ နိုင်ငံခြားခေါင်းဆောင်တွေကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။