တရုတ် - မြန်မာနယ်စပ် ဂိတ်သစ်ဖွင့်ဖို့ တရုတ်ကြိုးပမ်း

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်နဲ့ တရုတ်နယ်စပ် ရန်လုံကျိုင်းတံတားအနီးမှာ နှစ်နိုင်ငံ ယာယီနယ်စပ်ဂိတ်သစ်ဖွင့်ဖို့ တရုတ်နိုင်နဲ့ မြန်မာအာဏပိုင်တွေက ဆောင်ရွက်နေပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ၂၀၂၀ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဥ်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ကိုရိုနာကပ်ရောဂါ အကြောင်းပြချက်နဲ့ တရုတ်ဘက်က ပိတ်ထားပေမဲ့ မြန်မာနိုင်ငံ ကိုးကန့်ဒေသ ချင်းရွှေဟော်-လောက်ကိုင်မြို့တွေနဲ့ တရုတ်-လင်ချန်းခရိုင် နယ်စပ်ဂိတ်တွေကို ဖွင့်နိုင်ဖို့ တရုတ်ဘက်က ကြိုးပမ်းနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်း တံတားအနီး နယ်စပ်မှတ်တိုင် ဘီပီ-၁၂၄ အနီးမှာ နှစ်နိုင်ငံယာယီနယ်စပ်ဂိတ် ဖွင့်နိုင်မယ့်နေရာတွေကို  စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့စက်တင်ဘာလ ၂၁ ရက်နေ့က သွား ရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ဖော်ပြ ထားပါတယ်။

မြန်မာကုန်သည်တွေကတော့ လောက်ကိုင်မှာ ယာယီဂိတ်အသစ်ဖွင့်တာထက် ယခင်ဂိတ်ပေါက် ချင်းရွှေဟော် ကနေပဲ ကုန်သွယ်ခွင့်ရဖို့ ပိုမျှော်လင့်တယ်လို့ ချင်းရွှေဟော်ကုန်သည်တစ်ဦးဖြစ်တဲ့ မမိုးမိုး က ပြောပါတယ်။

လုံးဝမဖွင့်တာထက်စာရင် အဲအပေါက်လေးဖွင့်လည်း မဆိုးဘူပေါ့။ ဒါပေမဲ့ သူကလည်း ပစ္စည်းလာရင် ချင်းရွှေဟော်မှာပဲချရမှာ။ ချင်းရွှေဟော်ဂိတ်အဟောင်းကပဲ အဆင်ပြေတာပေါ့။ ဝမ်းတူးဖိုက်က လာတယ်ဆိုရင် တရုတ်တွဲကားလည်း ဆင်းလာဖို့ခက်တယ်။ ဘာလို့လဲဆိုရင် လောက်ကိုင်လမ်းကမတ်စောက်တဲ့အခါ ကျတော့လေ။ တွဲကားလာဖို့ အဆင်မပြေဘူး။ ခေါက်တိုကားတွေနဲ့ ချိန်းလာရမယ်။ ပစ္စည်းတွေက အဲဒါဆို စရိတ်စကတော့ တော်တော်များသွားမယ်။ ကျွန်မတို့က အဲဒီအပေါက်ဖွင့်တာတော့ အားမပေးဘူး။ ကျွန်မတို့ကတော့ နဂိုမူလရှိနေတဲ့ ချင်းရွှေဟော်အပေါက်ဖွင့်တာကိုပဲ ပိုပြီးတော့ သဘောကျတာပေါ့

ချင်းရွှေဟော်ဂိတ်ကနေ မြန်မာပို့ကုန်တွေတင်ပို့ခွင့်ကို မြန်မာဘက်က ကန့်သတ်ထားတာမဟုတ်ဘဲ တရုတ် ဘက်က ကန့်သတ်ထားတာကြောင့် လောလောဆယ်မှာ ပဲတီစိမ်း၊ ကုလားပဲ၊ ငါးခြောက်နဲ့ လယ်ယာထွက်ကုန် တွေ တင်ပို့ခွင့်မရဘဲဖြစ်နေတာလို့ သူကပြောပါတယ်။

တရုတ်ဘက်တော့ ကိုဗစ်ကပ်ရောဂါထိန်ချုပ်ရေးသုံးပစ္စည်းတွေနဲ့ အခြေခံလူသုံးကုန်ဖြစ်တဲ့ ဆပ်ပြာမှုန့်၊ ဝက်အူချောင်းနဲ့ ခေါက်ဆွဲလို စားသောက်ကုန်အချို့ကို တင်သွင်းခွင့်ပေးနေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်မှာ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၂၄. ၉၄၅ သန်းရှိခဲ့ပြီး သွင်းကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၆.၈၇၀ ရှိခဲ့ပါတယ်။ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အရ ဇူလိုင်လအထိ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၄၇.၇၉၄ ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၅.၃၂၅ ပဲရှိခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန စားရင်းတွေမှာ ဖော်ပြထားတဲ့အတွက် ယခင်နှစ်တွေထက် ကုန်သွယ်မှုပမာဏ သိသိသာသာလျော့နည်းသွားပါတယ်။

တရုတ်ဟာ ပင်လယ်ထွက်ပေါက်နေရာကို ဦးစားပေးတာကြောင့် မူဆယ်ထက် ချင်းရွှေဟော်နယ်စပ်ဂိတ်ကို စီစဉ်နေတာလို့ မူဆယ်အခြေစိုက် သစ်သီးကုန်သည်တစ်ဦးဖြစ်တဲ့ ဦးစိုင်းခင်မောင် က ပြောပါတယ်။ လက်ရှိ ဖွင့်ဖို့ပြင်နေတဲ့ ရန်လုံကျိုင်း ယာယီနယ်စပ်ဂိတ်သစ်ကတော့ မြန်မာကုန်သည်တွေအတွက် အကျိုးသက် ရောက်မှု အားနည်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီဘက်ကျေးရွာ ဟိုဘက်မြို့ကသူတွေကတော့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ ကူးသန်းရောင်းဝယ် နေကြတာကို။ အဲဒါကို ပိုပြီးတရားဝင်ဖြစ်အောင်လုပ်ကြတဲ့သဘောပါပဲ။ ကျွန်တော်တို့တွေအတွက်က တော့ ဘာမှ အကျိုးသက်ရောက်မှုမရှိပါဘူး။ ကုန်သည်ကြီးတွေအတွက်ပေါ့လေ။ ဂိတ်ဖွင့်တယ် စည် ကားတယ်၊ ကားသမားလည်း ကားသမားတွေ၊ ကုန်သည်နဲ့ တောင်သူတွေ အကျိုးအမြတ်က မရှိဘူးဆိုရင် ဒါသိပ်ပြီးတော့ ဟိုဟာမဖြစ်ဘူးပေါ့။ အဓိကကတော့ အခင်းအကျင်းတစ်ခုရဲ့ ဝေစုပေါ့။ အကျိုးအမြတ်ကို နှစ်ဖက်လုံးကမျှပြီး ခံစားရဖို့ပေါ့။ သူတို့ဆီမှာက စက်မှုထုတ်ကုန်တွေများနေတယ်။ အဲလိုပဲ ကျွန်တော်တို့ ဆီမှာ လယ်ယာထွက်ကုန်တွေပဲများနေတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ်လေ နှစ်ဖက်ကုန်သွယ်မှုမှာ လွယ် ကူတယ်၊ မျှခြေဖြစ်တယ်ဆိုရင် ဒါနှစ်နိုင်ငံလုံးအတွက် အကျိုးရှိတယ်ပေါ့

တရုတ်ဘက်က လင်ချန်းနဲ့ မြန်မာနိုင်ငံ လားရှိုးမြို့ကို မောင်နှမမြို့တော်လို့ ၂၀၁၈ မှာ သတ်မှတ်ခဲ့ပြီး ကုန်သွယ်ရေးမြင့်တင်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက လုပ်နေတာပါ။ ဒီလမ်းကြောင်းဟာ ရွှေလီထက်စာရင် ပြည်မကြီးနဲ့ ကုန်သွယ်ဖို့ ကီလိုမီတာ ၂၀၀ ကျော် သက်သာတာကြောင့် တရုတ်ဘက် လင်ချန်းခရိုင်ကနေ -မြန်မာနယ်စပ် ချင်းရွှေဟော်ကိုဖြတ်ပြီး မြန်မာပင်လယ်ထွက်ပေါက်ကနေတဆင့် နိုင်ငံတကာကို ကုန်သွယ် မယ့်လမ်းကြောင်းအဖြစ် ရွေးချယ်ဆောင်ရွက်နေတာလို့ ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့လမှာပဲ တရုတ်ဘက် လင်ချန်းမှာ ဘူတာရုံအသစ်ကို တည်ဆောက်ပြီးစီးခဲ့ပြီး ကုန်သွယ်မှုအတွက် အဆင့်သင့်ဖြစ်နေပြီလို့ တရုတ်မီဒီယာတွေကနေ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာဘက်မှာတော့ လမ်း တံတားတွေဟာ အဆင့်သင့်မဖြစ်သေးတဲ့အခြေအနေကို တွေ့ရတယ်လို့ ချင်းရွှေဟော်မြို့က ကုန်သည် မမိုးမိုးက ပြောပါတယ်။

ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ရွှေလီ-ကျယ်ဂေါင်နယ်စပ်နဲ့ မြန်မာဘက်က မူဆယ်နယ်စပ်ဂိတ်တွေမှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရက်နေ့အပြီး ကုတင်တစ်ထောင်ဆံ့ ကိုဗစ်ဆေးရုံနဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို လုပ်ထားဖို့ တရုတ်ဘက်ကပြောထားပြီး အကူအညီတွေလည်း ပေးထားတာကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်မယ်လို့ နယ်စပ်ကုန်သည်တွေက မျှော်လင့်ထားကြတာပါ။

မြန်မာဘက်အခြမ်းကလည်း ၁၅ ရက်အတွင်း နယ်စပ်ဂိတ်ဖွင့်နိုင်ရေး မျှော်လင့်ချက်နဲ့ ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ ကုတင်တစ်ထောင်ဆံ့ ကိုဗစ်ကပ်ရောဂါ ကုသရေးဆေးရုံကို ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သလို ရောဂါကူးစက်မှုလည်း လျော့ကျလာနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းကိုမှီခိုနေရတဲ့ မြန်မာလုပ်သား လေးထောင်ကျော် အပါအဝင် ကုန်သည်တွေ၊ တောင်သူတွေရဲ့ အကျိုးစီးပွားတွေ အများကြီးထိခိုက်နေ ရတယ်လို့ ဆိုပါတယ်။

မြန်မာဘက်က နေ့စဉ်ပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ကြက်သွန်၊ ငရုတ်နဲ့ ရေထွက်ပစ္စည်း တန်ချိန် သိန်းနဲ့ချီ မပို့နိုင်ဘူးဖြစ်နေရတယ်လို့လည်း မူဆယ်နယ်စပ် ဆန်စပါး ကုန်စည်ဒိုင်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်း က ပြောပါတယ်။

ဇူလိုင် ရက်နေ့ကစပြီး ပိတ်လိုက်တာ အခုထိပဲ။ ဒီအတွက် ကျွန်တော်တို့ကုန်သည်တွေ အများကြီး နစ်နာတယ်ဗျ။ ဘာလို့လဲဆိုရင် အရင်တုန်းက တစ်နေ့ကို ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကတင် ဆန် အိတ်ရေ လေးသောင်းလောက်သွားလို့ရတယ်။ ပဲတီစိမ်းတွေ သွားလို့ရတယ်။ ကြက်သွန်တွေသွားလို့ရ တယ်။ ရေထွက်ပစ္စည်းတွေသွားလို့ရတယ်။ အခုက လုံး၀သွားလို့မရတော့ဘူး။ ပို့ကုန်က လုံးဝရပ်သွားတဲ့ အတွက် ကျွန်တော်တို့ဘက်မှာ စီးပွားရေးသမားတွေ၊ အလုပ်သမားတွေ၊ ယာဉ်မောင်းတွေ၊ ကားပိုင်ရှင်တွေ အခက်အခဲတွေ့နေရတယ်ဗျ။ အခုက ဆန်တစ်အိတ်ကို ငွေတစ်ထောင်မြတ်တယ်ထားဦး၊ တစ်နေ့ကို ဆန်အိတ်ရေ လေးသောင်းလောက်သွားလို့ရတော့ တစ်နေ့ကို ငွေသိန်လေးငါးရာလောက် နစ်နာတယ်။ ဒါကျွန်တော်တို့ကုန်သည်တွေ တစ်ခုတည်းရှိသေးတယ်

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မူဆယ်လမ်းကြောင်းဟာ ကိုဗစ်နဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေများတဲ့အတွက် နှစ်နိုင်ငံညှိနှိုင်းပြီး ချင်းရွှေဟော်လမ်းကြောင်းကို ဖွင့်နိုင်ရေး ဆောင်ရွက် နေတာဖြစ်ပြီး အဲဒီကိစ္စအောင်မြင်ရင် စားသုံးကုန်၊ ပို့ကုန်တွေကို ပြန်လည်ရရှိမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မူဆယ်-တရုတ်နယ်စပ်ဂိတ်ပေါက်ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားနယ်စပ်ကုန်သွယ်ရေ ဂိတ်ပေါက် ၁၈ ခုရှိတဲ့အထဲမှာ နှစ်စဉ်ကုန်သွယ်မှုပမာဏအများဆုံးဖြစ်ပြီး ကုန်သွယ်ရေးကနေ နိုင်ငံဝင်ငွေအများဆုံး ရှာဖွေ ပေးနိုင်တဲ့ဂိတ်တစ်ခုဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍနှစ်မှာ မူဆယ်နယ်စပ်ကနေ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၃၀၄၉.၈၈၄ အထိ ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၄၀.၆၉၄ ရှိခဲ့တာပါ။  ၂၀၂၀-၂၁ ဇူလိုင်လ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၂၄၂၃.၃၄၀ ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးကတော့ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၁၂၈.၉၅၈ အထိ လျော့ကျသွားခဲ့တာကို တွေ့ရပါတယ်။

(မူဆယ် ၁၀၅ မိုင် အဝင်ဂိတ်ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်)

ပို့ကုန်တင်ပို့နိုင်မှု မရှိတာအပြင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နယ်စပ်မှာငွေ ဈေးဟာ  အာဏာမသိမ်းခင် ဇန်နဝါရီလမှာ တရုတ်တစ်ယွမ်ကို မြန်မာကျပ်ငွေ ၂၁၀ ဝန်းကျင်ရှိနေရာကနေ အခုလအတွင်းမှာ တရုတ်တစ်ယွမ်ကို မြန်မာကျပ်ငွေ ၃၁၀ ကျော်အထိ ရှိလာနေပြီလို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ကနယ်စပ်ဂိတ်တွေကို ပိတ်ထားလို့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က ထိခိုက်နေတယ်ဆိုပေ မယ့် တရုတ်ဘက်ကတော့ မြန်မာနဲ့ဆက်စပ်တဲ့ ယူနန်ပြည်နယ်ကနေ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပိုတိုးလာတယ်လို့ ကူမင်း အကောက်အခွန်ဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်နယ်စပ် သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀.၈ ဘီလီယံ အထိရှိခဲ့ပြီး ယခင်နှစ်တွေထက် တစ်ဝက်ပိုမိုတိုးတက်လာတယ်လို့ တရုတ်နယ်စပ်သတင်းစာတွေမှာ ဖော်ပြ ထားတာပါ။

တရုတ်က နယ်စပ်ဂိတ်တွေကို ပို့ကုန်ပို့ဖို့ ပိတ်ထားတယ်ဆိုပေမယ့် မူဆယ်နယ်စပ်ဂိတ်တွေကနေ မြန်မာကို ပို့ဖို့ကျန်နေတဲ့ကုန်ပစ္စည်းတွေကို ဒီရက်ပိုင်းအတွင်း ပို့ခွင့်ပြုမှာဖြစ်လို့ နယ်စပ်ဂိတ်တွေမှာ ပြင်ဆင်ထားဖို့ စာပို့အကြောင်းကြားထားတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ကိုးကန့်နယ်စပ်မှာ ကုန်သွယ်ရေးဂိတ်အသစ်ဖွင့်တာနဲ့ မူဆယ်နယ်စပ်ဂိတ်တွေ မဖွင့်နိုင်သေးတာတွေနဲ့ ပတ်သက်ပြီး စီးပွားကူးသန်းဝန်ကြီးဌာန ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် အစည်း အဝေးရှိနေလို့ဆိုပြီး ပြန်လည်ဖြေဆိုတာမရှိပါဘူး။

တရုတ်နိုင်ငံမှာ ကိုရိုနာကပ်ရောဂါ စတင်ဖြစ်ခဲ့တဲ့ ၂၀၂၀ ဧပြီလထဲက တရုတ်နိုင်ငံနဲ့ မြန်မာနယ်စပ်ဂိတ်တွေ ကို တရုတ်ဘက်က ထိန်းချုပ်လာပြီး ပထမအဆင့်အနေနဲ့ လူဝင်လူထွက်ဂိတ်တွေကို ကန့်သတ်ခဲ့တာပါ။ အဲဒီနောက် ၂၀၂၁ မှာတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ကန့်သတ်ချက်တွေနဲ့သာ ဝင်ထွက်ခွင့်ပြုတာ ကနေ အခုနှစ်ဇူလိုင်လကစလို့ နယ်စပ်ဂိတ်အားလုံးကို လုံးဝပိတ်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိနှစ်နိုင်ငံနယ်စပ်မှာ ကိုရိုနာကပ်ရောဂါဖြစ်ပွားမှု လျော့နည်းနေပြီဖြစ်ပေမဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က မဖွင့်သေးတာဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအခင်းအကျင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org