မြန်မာ့အချုပ်အခြာအာဏာ တရုတ်လေးစား၊ မြန်မာ့ပြည်တွင်းရေး မစွက်ဖက်

မြန်မာ့ပြည်တွင်းရေး၊ မြန်မာပိုင်နဲ့ မြန်မာဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မစွက်ဖက်ဘဲနေတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ AFP

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို လေးစားပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်က သြဂုတ် ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာဖြစ်ပြီး မြန်မာ့ပြည်တွင်းရေး၊ မြန်မာပိုင်နဲ့ မြန်မာဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မစွက်ဖက်ဘဲနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ​ဂျူလီ ဘစ်ရှော့ (Julie Bishop) တရုတ်နိုင်ငံကို မကြာခင်က လာရောက်တဲ့ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေဆုံခဲ့တာနဲ့ ပတ်သက်ပြီး Hubei Media Group က မေးမြန်းတာကို ဖြေကြားချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံပေါ်ထားရှိတဲ့ ရပ်တည်ချက်ကို ထည့်သွင်းပြောကြားတာပါ။

တရုတ်နိုင်ငံက ဖိတ်ကြားချက်အရ ဒီလ ၂၀ နဲ့ ၂၁ ရက်မှာ Julie Bishop ရောက်ရှိလာတဲ့အကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Deng Xijun တို့နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းနဲ့ မြန်မာ့ပြဿနာရေးရာ အမြင်တွေကို ဖလှယ်ခဲ့တဲ့အကြောင်း ဖြေကြားပါတယ်။

အာဆီယံ - အရှေ့တောင် အာရှနိုင်ငံများအသင်း အခန်းကဏ္ဍဟာ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တယ်ဆိုတာ တရုတ်ကထောက်ခံတယ်လို့ ဆိုပါတယ်။ မြန်မာအရေး နိုင်ငံရေးအရ အဖြေရှာရာမှာ ကုလသမဂ္ဂက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်တာကိုလည်း ထောက်ခံပြီး ဂျူလီ ဘစ်ရှော့ တာဝန်တွေထမ်းဆောင်ရာမှာ တရုတ်နိုင်ငံက ထောက်ပံ့ကူညီဖို့ အသင့်ရှိပါကြောင်းလည်း ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org