မြန်မာ့အရေး တရုတ်အစိုးရအပေါ် အကောင်းမြင်သူ နည်းပါး

လူပေါင်း ၂၅ဝ ကို မေးမြန်းကာ လူထုစစ်တမ်းကောက်ခဲ့တာဖြစ်ပြီး၊ ဖြေဆိုသူ ၅၄ ရာခိုင်နှုန်းက တရုတ်ဟာ အိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ ရှုမြင်ကြတာပါ။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က တရုတ်နိုင်ငံ၊ မကာအိုတွင် ကျင်းပသည့် အခမ်းအနားတစ်ခုကို တက်ရောက်လာသော တရုတ်သမ္မတ ရှီကျင့်ဖျင်။ Photo: AFP

အင်အားကြီး တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းအဖြစ် ရှုမြင်တဲ့သူ နည်းပါးကြောင်း ISP- Myanmar အဖွဲ့က ဧပြီလ ၂ ရက် ဒီနေ့ထုတ်ပြန်တဲ့ လူထုစစ်တမ်းမှာ ဖော်ပြလိုက်ပါတယ်။

လူပေါင်း ၂၅ဝ ကို မေးမြန်းကာ လူထုစစ်တမ်းကောက်ခဲ့တာဖြစ်ပြီး၊ ဖြေဆိုသူ ၅၄ ရာခိုင်နှုန်းက တရုတ်ဟာ အိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ ရှုမြင်ကြတာပါ။

တရုတ်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် မမြင်လိုဘဲ အာဏာရှင်နိုင်ငံအဖြစ်နဲ့သာ မြင်လိုတယ်လို့ စစ်တမ်းထဲမှာ ပါဝင်သူ ၆ဝ ရာခိုင်နှုန်းက ယူဆပြီး၊ မြန်မာ့ပြည်တွင်းရေးကို တရုတ်က ဝင်စွက်ဖက်နေတယ်လို့ ၇၃ ရာခိုင်နှုန်းက ယုံကြည်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်လွှမ်းမိုးထားတယ်လို့ စစ်တမ်းထဲမှာပါတဲ့ လူတစ်ဝက်ကျော်က ဖြေထားပြီး၊ မြန်မာနိုင်ငံမှာ အာဏာရှိတဲ့သူ ဘယ်သူမဆိုကို ပြေလည်အောင်ပေါင်းဖို့ တရုတ်က စဉ်းစားထားကြောင်း အများစုက ဖြေထားပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစီးပွားဖက်ဖြစ်နေတာဟာ စိုးရိမ်စရာဖြစ်တယ်လို့လည်း လူထုစစ်တမ်းမှာပါတဲ့သူ အများစုက ဖော်ပြနေပါတယ်။ စစ်တမ်းဖြေတဲ့သူတွေထဲမှာ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ ထင်ရှားကျော်ကြားသူတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ လက်နက်ကိုင်တွေပါတယ်လို့ ISP- Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org