တရုတ်သစ်ခိုးထုတ်သမား ၁၅ဝ ကျော်အမှု ဇူလိုင် ၂၂ မှာ အမိန့်ချမှတ်မည်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို လာမယ့် ဇူလိုင် လ ၂၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာ ဖြစ်တယ် လို့ ဒီနေ့ တရားရုံးချိန်းမှာ ဆုံးဖြတ်လိုက်ပါတယ်။
-
2015-07-17 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်နိုင်ငံ သား ၁၅၅ ယောက်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာ ဖြစ်တယ်လို့ ဒီနေ့ တရားရုံးချိန်းမှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ အမိန့်ချဖို့ စီစဉ်ထားပေမယ့် အမှုတွဲတွေကို ထပ်မံစစ်ဆေးဖို့ လိုအပ်သေးတာကြောင့် ရက်ပြောင်းရွှေ့လိုက်တာလို့ မြစ်ကြီးနားခရိုင် ဒုတိယတရားသူကြီး ဦးမြင့်ဆွေက ပြောပါတယ်။
"အခု ၂၂ ရက်နေ့ ပြန်ချိန်းထားပါတယ် အစက ဒီနေ့ချမှာပါ တရားခံတွေကများတယ်လေ၊ အမှန်ကတော့ ပြီးမယ်ဆိုပြီးတော့ ကျနော်တို့ ချိန်းလိုက်တယ်ပေါ့လေ၊ အမှုတွဲတွေ လေ့လာလိုက်တဲ့အခါကျတော့ အသေးစိတ် တရုတ်နိုင်ငံသားအဖြစ် သူတို့ရဲ့လူနာမည်တွေ အသေးစိတ်စစ်ရတာပေါ့၊ အမှုနှစ်မှုမှာ တစ်မှုက ၈၅ ယောက် နောက်တစ်မှုက အယောက် ၇ဝ၊ သူ့ဥပဒေပြဌာန်းချက်ကတော့ အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိရှိပါတယ်၊ ဒီဒေသမှာ ကျနော်တို့ဘဝမှာပေါ့လေ အကြီးမားဆုံးပေါ့ တရားခံအများဆုံးပါ"
အဲ့ဒီ တရုတ်နိုင်ငံသား ၁၅၅ ယောက်ဟာ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်ခံထားရပြီး လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ အများနဲ့သက်ဆိုင်တဲ့ ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ အပက- ၃ နဲ့ အမိန့်ချခံရမှာဖြစ်ပါတယ်။
အဲ့ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်ကနေ အများဆုံး တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီ တရုတ်နိုင်ငံသားတွေဟာ ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ် ဆဒုံး၊ ဝါးရှောင်၊ မန်ဝိန်း စတဲ့ကျေးရွာတွေမှာ တရားမဝင်သစ်ခိုးထုတ်နေစဉ် အစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒီအမူနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးခင်မောင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။