ကမ္ဘာ့အရေး တရုတ်ပါဝင်ဖို့ မရှိမဖြစ်လိုအပ်ဟု အိုင်ယာလန်ဝန်ကြီးချုပ်ပြောကြား
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပါအဝင် ဒီကနေ့ ကမ္ဘာ့ရေးရာတွေကို ဖြေရှင်းဖို့အတွက် အင်မတန်အရေးကြီးတဲ့နိုင်ငံ ဖြစ်တယ်လို့ အိုင်ယာလန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
-
RFA Burmese
2024-01-17 -
-
-
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပါအဝင် ဒီကနေ့ ကမ္ဘာ့ရေးရာတွေကို ဖြေရှင်းဖို့အတွက် အင်မတန်အရေးကြီးတဲ့နိုင်ငံ ဖြစ်ပါတယ်လို့ အိုင်ယာလန် ဝန်ကြီးချုပ် လီယို ဗရက်ကာ (Leo Varadkar)က ပြောကြားလိုက်ပါတယ်။
အိုင်ယာလန်နိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ် လီချန်း (Li Qiang) နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံပွဲအပြီးမှာ အိုင်ယာလန်ဝန်ကြီးချုပ်က သူတို့အိုင်ယာလန်နဲ့ တရုတ် နိုငံနှစ်ခုအကြား ခိုင်မာပြီး အပြုသဘောဆောင်တဲ့ဆက်ဆံရေးကို ထူထောင်လိုကြောင်း ပြောကြားရင်း တစ်ဆက်တည်းမှာပဲ ဒီကနေ့ ပေါ်ပေါက်နေတဲ့ ရာသီဥတုပြောင်းလဲမှုလို ပြဿနာတွေကနေ မြန်မာ၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသတွေစသဖြင့် ကမ္ဘာ့ပဋိပက္ခတွေကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံဟာ မရှိမဖြစ် ဦးဆောင်ပါဝင်ရမယ့်နိုင်ငံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အိုင်ယာလန်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ နှစ်ခုအကြား အကြောင်းအရာခပ်သိမ်း သဘောထားအမြင်တွေ တူညီကြမှာမဟုတ်ပေမဲ့ ပွင့်ပွင့်လင်းလင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံဖို့ မျှော်လင့်ကြောင်း၊ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ အိုင်ယာလန်ခေါင်းဆောင်တွေက တရုတ်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပြဿနာတွေဖြစ်ကြတဲ့ ယင်ကျန်း၊ တိဘက်၊ ဟောင်ကောင်စတဲ့ ဒေသရေးရာတွေကို ပြောဆိုမေးမြန်းခဲ့ကြကြောင်း စသဖြင့် ထုတ်ဖေါ်ပြောဆိုပါတယ်။
ဒါ့အပြင် ရင်းနှီးမြုပ်နှံမှုတွေ အပြန်အလှန်တိုးချဲ့ဖို့ နှစ်ဘက်စလုံးက ဆန္ဒရှိကြကြောင်းနဲ့ တရုတ်နဲ့ အိုင်ယာလန်အကြား ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သုံးဆတိုးတက်လာခဲ့ကြောင်းလည်း သူက ပြောပါတယ်။
ဒါဟာ တရုတ်နဲ့ အိုင်ယာလန်အကြား ပထမဆုံးအကြိမ် ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံပွဲဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ တရုတ်ဝန်ကြီးချုပ်ကလည်း အိုင်ယာလန်နဲ့ တရုတ် နှစ်ပြည်ထောင်ပူးပေါင်းဆက်ဆံရေးကနေ အကျိုးဖြစ်ထွန်းမှု ကြီးမားစွာတိုးတက်ဖြစ်ပေါ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။