တရုတ်သံရုံးရှေ့လမ်းလျှောက် ဆန္ဒပြသူတွေကို ထောင်ဒဏ်တွေ ချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၃ ဦးကို ဒဂုံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။
-
2015-06-19 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံးခဲ့ တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၃ ဦးကို ဒဂုံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ရာ မှာ ပါဝင်ခဲ့တဲ့ ဦးဘမြင့်၊ ကိုဌေးအောင်နဲ့ ကိုစိုးအောင်တို့ကို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ကြောင်း အမိန့်ချခံရသူ ကိုဌေးအောင်က ပြောပါတယ်။
"၁ ရက် ၁ လ ၁ နာရီပေါ့၊ တစ်သုံးလုံး လှုပ်ရှားမှုဆိုပြီးတော့ လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတာလေ တရုတ်သံရုံးရှေ့မှာ၊ အဲ့ဒီမှာ အစ်ကိုရယ်၊ ဦးဘမြင့်ရယ်၊ ဦးစိုးအောင် ရယ် ၃ ယောက်ပေါ့၊ အဲ့ဒါကို ဒဂုံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ တရားစွဲပြီးတော့ ဒီနေ့မှာတော့ တစ်ယောက် ကို ၄ လစီ နောက်ဆုံးအမိန့်ချတယ်ပေါ့၊ ဒါပေမယ့် ဒီနေ့ရဲ့ထပ်ထူးခြားတာက ကျန်တဲ့ပြီးခဲ့တဲ့အမှုတွေမှာ အစ်ကိုတို့ ၃ လပေါ့၊ ၃ လနဲ့လာခဲ့ပေမယ့် ဒီနေ့ ဒဂုံတရားရုံးမှာတော့ နည်းနည်းထူးခြားဖြစ်စဉ်ပေါ့ ၄ လအထိ အမိန့်ချမှတ်ခံရတယ်"
အဲ့ဒီအထဲက ဦးဘမြင့်ကို ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ အလုံ၊ ဒဂုံနဲ့ လမ်းမတော် စတဲ့မြို့နယ် ၆ ခုက တရားစွဲထားတာဖြစ်ပြီး၊ ၅ မြို့နယ်က အမိန့်ချခဲ့ပြီးဖြစ်ရာမှာ စုစုပေါင်းထောင်ဒဏ် ၂ နှစ်နီးပါး အကျဉ်းကျခံ ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ဒေသခံတွေက ဆန္ဒပြ ရာမှာ လုံခြုံရေးတွေဘက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရ တာဖြစ်ပါတယ်။