တရုတ်ဘိလပ်မြေစက်ရုံ စီမံကိန်း ဒေသခံများ ကန့်ကွက်မည်
ကရင်ပြည်နယ် ဘားအံမြို့ မိကရင်ကျေးရွာ အနီး ထုံးကျောက်တောင်မှာ Myanmar Ji Dong ကုမ္ပဏီက ဘိလပ်မြေစက်ရုံ တည်ဆောက်မှာ ကို ဒေသခံတွေက ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
-
2014-04-19 -
-
-
ကရင်ပြည်နယ် ဘားအံမြို့ မိကရင်ကျေးရွာအနီး ထုံးကျောက်တောင်မှာ Myanmar Ji Dong ကုမ္ပဏီက ဘိလပ်မြေစက်ရုံတည်ဆောက်မှာကို ဒေသခံတွေက ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
လာမယ့်ဧပြီလ ၂၃ ရက်နေ့မှာ ကုမ္ပဏီတာဝန်ရှိသူတွေ၊ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) က တာဝန်ရှိသူတွေဟာ ဘိလပ်မြေစက်ရုံဆောက်ဖို့နဲ့ ပတ်သက်ပြီး မိကရင်ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကန့်ကွက်ကြမှာဖြစ်ကြောင်း မိကရင်ရွာ ဘုန်းတော်ကြီး ဦးဝဏ္ဏိတ က RFA ကို မိန့်ကြားပါတယ်။
" တောင်ရဲ့ ပတ်ပတ်လည်မှာ ရွာတွေသက်သက်ပဲ သူတို့လာတာ မိကရင်ရွာမှာတည်းပြီးတော့ မိကရင်ရွာမှာ စက်ရုံဆောက်မယ်ဆိုတော့၊ မိကရင် အုပ်ချုပ်ရေးမှူးနဲ့ပဲတွေ့တယ်လေ အခု ၂၃ ရက်နေ့ ပြည်သူတွေနဲ့ လာတွေ့မယ်လို့ ပြောထားတယ်၊ ပြီးရင် နောက် သုံး၊ လေးလ လုပ်ငန်းစတော့မယ်လို့ ပြောတာပဲ၊ အစတုံးကတော့ ကျေးရွာကောင်းစားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီးလုပ်ပေးမှာပေါ့၊ နောက်လာမယ့် ဆိုးကျိုးတွေ ရောဂါရမှာတို့ ကန့်ကွက်မယ်လို့ အဲ့လိုပြောထားတာ"
ဘိလပ်မြေစက်ရုံကို အိမ်ထောင်စုပေါင်း ၆၀၀ လောက်ရှိတဲ့ မိကရင်ရွာနားမှာ ဆောက်လုပ်မှာဖြစ်ပါတယ်။
ဘိလပ်မြေစက်ရုံဆောက်လုပ်ဖြစ်ရင် ဒေသခံရွာသားတွေကို နေရာရွှေ့ပြောင်းပေးခိုင်းတာ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာနဲ့ ကျန်းမာရေး ထိခိုက်မှာတွေကို စိုးရိမ်ကြတဲ့အတွက် အခုလို ကန့်ကွက်ကြမှာဖြစ်ကြောင်း ပြောပါတယ်။
ကုမ္ပဏီဘက်ကတော့ မိကရင်ကျေးရွာအတွက် ရေ၊ မီး၊ ပညာရေး စတဲ့ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးမယ်လို့ ပြောထားကြောင်း သိရပါတယ်။
Myanmar Ji Dong ကုမ္ပဏီဟာ လာမယ့် ၃ လအတွင်း ဘိလပ်မြေစက်ရုံစီမံကိန်းကို စတင်မှာဖြစ်တယ်လို့လည်း ဒေသခံတွေ အပြောအရ သိရပါတယ်။